ရန်ကုန် ၊ မတ် ၂၀ ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ARSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည်ဟု အစိုးရဘက်က ထုတ်ပြန်ထားသည့် ဟိန္ဒူအမျိုးသမီးများနှင့် နိုင်ငံတကာစစ်သံမှူးများ ယမန်နေ့က မောင်တောတွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။
ယမန်နေ့ မတ်လ ၁၉ ရက်နေ့က ပဋိပက္ခဖြစ်ပွားရာ မောင်တောဒေသသို့ အမေရိကန် ၊ ကိုရီးယား ၊ ယူကေ ၊ အင်ဒိုနီးရှား ၊ အိန္ဒိယ ၊ ဂျပန် ၊ ကမ္ဘောဒီးယား ၊ တရုတ် စသည့် နိုင်ငံပေါင်း ၁၀ ကျော်မှ စစ်သံမှူး ၂၀ ခန့် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံစဉ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် အမျိုးသမီးငယ်များက ယင်းတို့ ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို နိုင်ငံတကာစစ်သံမှူးများအား ပြောဆိုခဲ့ကြသည်ဟု ဟိန္ဒူ လူမှုကူညီရေးအဖွ့ဲခေါင်းဆောင် ဦးနီမောရ် က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။
"ကယ်ဆယ်ရေးစခန်းမှာ ကျွန်တော်တို့ ဟိန္ဒူတွေနဲ့ တွေ့တယ်၊ ပြီးတော့ ဘင်္ဂလားက ပြန်ရောက်လာတဲ့ အမျိုးသမီးတွေနဲ့ တွေ့တယ်။ ဖြစ်စဉ်ကိုတင်ပြကြတာပါ၊ ဟိန္ဒူတွေအသတ်ခံရတာကို သတင်းတွေမထွက်ဘူး။ ဘာလို့ သတင်းတွေ မဖော်တာလဲ ဆိုပြီး စစ်သံမှူးတွေကို တောင်းဆိုတာတော့ ရှိပါတယ်" ဟု ဦးနီမောရ်က ဆိုသည်။
ယင်းအပြင် ဟိန္ဒူဘာသာဝင်များအနေဖြင့် မူလနေရာတွင် ပြန်လည်နေရာချထားပေးရာ၌ ဘင်္ဂါလီများနှင့် အတူတကွ ပြန်လည်နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း တင်ပြပြောဆိုခဲ့ကြသည်ဟု ဦးနီမောရ်က ပြောသည်။
မူလနေထိုင်ရာဒေသတွင် ပြန်နေထိုင်ရန် အလားအလာရှိသေးသလား ဟု နိုင်ငံတကာစစ်သံမှူးများဘက်က မေးမြန်းရာတွင် ယုံကြည်မှုမရှိသောကြောင့် ပြန်လည်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ဟိန္ဒူဘာသာဝင်များဘက်က ပြန်လည်တင်ပြခဲ့ကြောင်း ဦးနီမောရ်က ဆိုသည်။
ယမန်နေ့ မတ်လ ၁၉ ရက်နေ့က နိုင်ငံတကာစစ်သံမှူးများက မောင်တောဒေသသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်များ ပြန်လည်လက်ခံရေးစခန်းများဖြစ်သည့် တောင်ပြိုလက်ဝဲ ၊ ငါးခူရစခန်းများကို သွားရောက်ခဲ့ပြီး ပြန်ဝင်ရောက်လာမည့် သူများအား ယာယီထားရှိမည့် လှဖိုးခေါင် ကြားစခန်းအား သွားရောက်လေ့လာခဲ့သည်။