ဘာစီလိုနာကွင်းလယ်ကစားသမား ဆာဂျီယို ဘူးစကွက်စ်က ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ဟာ အလွန်ခက်ခဲ့လိမ့်မယ်လို့ အင်္ဂါနေ့က ပြောဆိုသွားပါတယ်။
“ကျနော်တို့ အခွင့်အရေးတွေ အသုံးချဖို့ ဘောလုံးကို ကိုင်ကစားပြီး ပိုင်ဆိုင်မှုကောင်းကောင်း ရယူလိုပါတယ်။ ထုံးစမ်းအတိုင်း နိုင်ပွဲအတွက် ကျနော်တို့ ကစားသွားပါလိမ့်မယ်။”လို့ သူက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပထမအကျော့ လန်ဒန်မှာ ၁-၁ ဂိုးနဲ့ သရေကျခဲ့ကာ နူးကမ့်မှာ ဂိုးမရှိသရေဟာ ဘာကာတို့အတွက် နောက်တစ်ဆင့်တက်ဖို့ လုံလောက်ပေမယ့် ဘူးစကွက်စ်က အဆိုပါပွဲစဉ်ဟာ လွယ်ကူလိမ့်မယ် မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
“အသင်းတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ကစားဟန် ရှိပါတယ်။ ချယ်လ်ဆီးအသင်းမှာ နောက်ထိုင်ပြီး ခံစစ်ကစားဖို့ အင်အားပိုင်ဆိုင်ထားပါတယ်။”လို့ သူက ပြောပါတယ်။
၂၀၁၂ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အရှုံးကနေ ဘာစီလိုနာအသင်းဟာ သင်ယူနိုင်တယ်လို့လည်း သူက ပြောပါတယ်။
“ဒါက ဝမ်းနည်းစရာပွဲတစ်ပွဲဖြစ်ခဲ့တယ်။ ဒီပွဲနိုင်ရင် ဖိုင်နယ်ကို တက်ရောက်နိုင်တာကြောင့်ပါ။ ကျနော်တို့ ဒီလိုပွဲတွေမှာ ကောင်းကောင်း ကစားခဲ့တယ်။ ဒါပေမယ့် ဘောလုံးဆိုတာ သိတဲ့အတိုင်းပါ။ ကျနော်တို့ ဒါကို မဖြတ်သန်းနိုင်ခဲ့ပါဘူး။”လို့ ဘူးစကွက်စ်က ပြေပါတယ်။
ဘာကာအသင်းအနေနဲ့ ဝီလီယံ၊ ဟာဇက်၊ မိုရာတာနဲ့ ပတ်ဒရိုတို့ရဲ့ အဝေးကန်ချက်တွေကို သတိထားရှိရမယ်လို သူက ဆိုပါတယ်။
“ကျနော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ အတူတကွ ရပ်တည်ပြီး ခုံခံကာကွယ်သွားမှာပါ။”လို့ ဘူးစကွက်စ်က အလေးအနက် ပြောဆိုခဲ့ပါတယ်။
(EFE-EPA)