ဖေဖော်ဝါရီ ၁၇ ။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိက မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူပါတယ် ဟု ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်သည်။
ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြန်မာအသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်းရှိ Studio A ၌ ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Content Providers (၅)ခုတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တိုင်းပြည်တာဝန်ကို စောစောက ဖော်ပြခဲ့တဲ့ ဌာနနှစ်ခုနဲ့ ထမ်းဆောင် နေသကဲ့ သို့ တစ်ချိန်တည်းမှာ ကျွန်တေ်ာတို့ တစ်ဖက်ကလည်းပဲ အလားတူ တာဝန်တွေကိုပဲ ထမ်းဆောင်မယ့် ပုဂ္ဂလိကမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးဖို့လည်း တာဝန်ရှိတယ်လို့ ခံယူပါတယ် ”ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Content Providers (၅)ခု ဖြစ်သည့် Mizzima Media Company Limited ၊ DVB Multimedia Group Company Limited၊ Fortune Broadcasting Company Limited ၊KMA TeleMedia Holdings Company Limited ၊ My Multi Media Group Company Limited တို့ကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် အဓိကတာဝန်များသည် အများပြည်သူကို သတင်းအချက် အလက်ပေးရန်၊ အသိပညာဖြည့်ဆည်းပေးရန်နှင့် အပန်းဖြေပျော်ရွှင်မှုအတွက် ဖျော်ဖြေတင်ဆက်ပေးရန်တို့ ဖြစ်သည်ဟု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနတွင် မြန်မာအသံနှင့် ရုပ်မြင်သံကြား၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့ကို ဌာနနှစ်ခုနှင့် သီးခြား ဆောင်ရွက်ခဲ့သည်ဟု သိရသည်။