ဖေဖော်ဝါရီ ၁၆ ။ ။ ဖလော်ရီဒါပြည်နယ် အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုမှာ ကျူးလွန်သူလို့ စွပ်စွဲခံထားရတဲ့ လူငယ်အမျိုးသားကို ယခုအခါ လူသတ်မှု ၁၇ ခုနဲ့ စွဲချက်တင် ဖမ်းဆီးချုပ်နှောင်ထားလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် နီကိုးလပ်စ် ခရုဇ် ဆိုသူ လူငယ်ကို ကြိုတင်ကြံစည်ပြီး လူသတ်ခဲ့တယ်ဆိုတဲ့ စွဲချက် ၁၇ ခုနဲ့ စွဲချက်တင်ထားတာဖြစ်ပြီး ယမန်နေ့က တရားရုံးမှာ ခေတ္တရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။
ယခုအခါ အဆိုပါ လူ ၁၇ ဦးသေဆုံးခဲ့တဲ့ ယင်းစာသင်ကျောင်း ပစ်ခတ်မှုကို ကျူးလွန်ကြောင်း နီကိုးလပ်စ်က ဝန်ခံထွက်ဆိုထားပြီးပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
၎င်းဟာဆိုရင် စာသင်ကျောင်းဝင်းထဲ ရောက်လာပြီး ကျောင်းသား၊ကျောင်းသူတွေကို ပစ်ခတ်ထွက်ပြေးသွားခဲ့တယ်လို့ တရားရုံး အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
၎င်းနဲ့ပတ်သက်လို့ သတင်းပေးချက်တစ်ခုကို မနှစ်ကတည်းက ရထားခဲ့တယ်လို့ FBI က ဝန်ခံထွက်ဆိုပါတယ်။
ဖလော်ရီဒါပြည်နယ်က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ဖြစ်ခဲ့တဲ့ ယင်းပစ်ခတ်မှုကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်း လူအသေအပျောက်အများဆုံး စာသင်ကျောင်း ပစ်ခတ်မှု ဖြစ်လာခဲ့ပါတယ်။