ဖေဖော်ဝါရီ ၁၅ ။ ။ ယမန်နှစ် ၂၀၁၇ ခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ အသေခံဗုံးခွဲမှုတွေ၊ တိုက်ခိုက်မှုတွေအတွင်း သေဆုံး သို့မဟုတ် ဒဏ်ရာရသူ အရပ်သားပေါင်း ၂,၃၀၀ နီးပါးရှိခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်မှာ ထုတ်ပြန်ထားပါတယ်။
ဒါဟာ ယခင်အစောပိုင်းတစ်နှစ်ကနဲ့ ယှဉ်ရင် စံချိန်တင် ပိုများနေလျက်ရှိတာဖြစ်ပါတယ်။
အာဖဂန်မှာ အမေရိကန်တို့ ရှိနေမှုကို အကန့်အသတ်မရှိ ဆက်ထားဦးမှာ ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ သြဂုတ်လက ပြောကြားခဲ့အပြီး ကျေးလက်ဒေသ စစ်သွေးကြွ အမာခံနယ်မြေတွေအပေါ် လေကြောင်းထိုးစစ်တွေ အရှိန်မြင့်လာခဲ့ပြီးနောက်မှာတော့ စစ်သွေးကြွတွေက ယင်းနိုင်ငံက မြို့ပြဧရိယာတွေမှာ တိုက်ခိုက်မှုတွေကို ပိုတိုးလုပ်လာခဲ့ကြပါတယ်။
ယင်းနိုင်ငံမှာတော့ နောက်ပိုင်းကာလတွေအတွင်း တာလီဘန်နဲ့ အိုင်အက်စ် လက်နက်ကိုင်အုပ်စုတို့ ပိုမို ဖိအားပေးခံလာရတာနဲ့အမျှ မြို့ကြီးတွေမှာ တိုက်ခိုက်မှုတွေကို တိုးမြင့်လုပ်ဆောင်ခဲ့ကြပါတယ်။
ယင်းရလဒ်တွေအရ ယင်းနိုင်ငံမှာ အသေခံဗုံးခွဲမှုတွေ နဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးထိခိုက်ဒဏ်ရာရမှုအရေအတွက်ဟာ ၁၇ ရာခိုင်နှုန်းထိမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။