ဖေဖော်ဝါရီ ၁၀၊ လန်ဒန်။ ။ ရီးယဲလ်မက်ဒရစ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိသည်ဟု မိုရာတာက စပိန်အင်တာဗျူးတစ်ခုတွင် အရိပ်အမြွက် ပြောဆိုလိုက်သည်။
နွေရာသီတွင် ရီးယဲလ်မှ ချယ်လ်ဆီးသို့ ပေါင် ၇၀ ဒသမ ၆ သန်းဖြင့်ပြောင်းလာသည့် မိုရာတာသည် နောက်ကျော ဒဏ်ရာကြောင့် ဇန်နဝါရီ ၁၃ ရက်ကတည်းက အနားယူနေရသည်။
လက်ရှိစာချုပ်သက်တမ်းလေးနှစ်ကျော်ကျန်နေသေးသော်လည်း ဘာနေဗျူးသို့ပြန်လည်ပြောင်းရွှေ့ရန်ငြင်းဆန်ခြင်း မပြုခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်အသင်းကပြန်ခေါ်ခဲ့လျှင် ပြန်သွားမလားဆိုသည့်မေးခွန်းကို စပိန်လက်ရွေးစင်ကစားသမားက “ကျွန်တော့် အတွက် အားစိုက်ကြိုးပမ်းထားတဲ့ ချယ်လ်ဆီးအသင်းကို လေးစားဖို့လိုပါတယ်။
ဒီမှာလည်း သိပ်ပျော်နေပါတယ်။ ဒါပေမဲ့ မက်ဒရစ်ကတော့ အမြဲတမ်း မက်ဒရစ်ပါပဲ”ဟု ပြန်လည်ဖြေဆိုခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ကစားသမားမှာ ဝက်စ်ဘရွန်းနှင့် တနင်္လာနေ့ ပရီးမီးယားလိဂ်ပွဲကိုလည်း လွဲချော်ထားသည်။
မိုရာတာအနေဖြင့် ဘာစီလိုနာအသင်းနှင့်ကစားရမည့် ချယ်လ်ဆီးအသင်း၏ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေသည်။
Ref; Daily Mail