အစ္စလာမ်မာဘတ်၊ ဖေဖေါ်ဝါရီ ၄ ။ ။ ပါကစ္စတန်မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် စနေနေ့က အသေခံဗုံးခွဲသမားတစ်ဦး၏လက်ချက် ကြောင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၁၁ဦးထက်မနည်း သေဆုံးခဲ့ကာ အခြား ၁၃ဦးခန့် ဒဏ်ရာရရှိခဲ့ ကြောင်း ပါကစ္စတန်တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းတိုက်ခိုက်မှုသည် စစ်သွေးကြွများတစ်ချိန်ကအုပ်ချုပ်ခဲ့ဖူးသော အနောက်မြောက်ပိုင်းဒေသ၌ ၃ နှစ်ကျော် အတွင်း ပထမဦးဆုံးအကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
မီဒီယာများထံသို့ ပေးပို့ခဲ့သော ထုတ်ပြန်ချက်ထဲတွင် ပါကစ္စတန်တာလီဘန်များက ၎င်းတို့အဖွဲ့မှ အသေခံဗုံးခွဲ သမားတစ်ဦးသည် သူ၏သွေးသောက်စစ်သွေးကြွများ ဖမ်းဆီးခံမှု၊ သတ်ဖြတ်ခံရမှုများကို လက်တုံ့ပြန်သည့် အနေဖြင့် ယခုလိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အသေခံဗုံးခွဲသမားသည် စစ်အခြေစိုက်စခန်းမှစစ်သားများ စနေနေ့ညနေအားလပ်ချိန်၌ ဘောလီဘောကစား နေစဉ်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစ္စလာမ်မစ်စစ်သွေးကြွများသည် ဆွတ်တောင်ကြားဒေသကို ၂၀၀၇ ခုနှစ်မှစတင်ပြီး ၎င်းတို့အား ပါကစ္စတန် စစ်တပ်မှ ထိုးစစ်ဆင်၍တိုက်ထုတ်သည့် ၂၀၀၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့ဖူးသည်။
ဆွတ်တောင်ကြားဒေသမှ လွတ်မြောက်သွားခဲ့သော စစ်သွေးကြွများသည် အိမ်နီးချင်းနိုင်ငံ အာဖဂန်နစ္စတန်မှ ခူနာခရိုင်အတွင်း၌ အင်အားစုဆောင်းနေသည်ဟု ပါကစ္စတန်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။