ရေးသားသူ Hello Sayarwon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
အမျိုးသားများ သွေးဆုံးခြင်းဆိုတာ အမျိုးသမီးများ သွေးဆုံးခြင်းကဲ့သို့ပဲ ဖြစ်ပါသည်။ အမျိုးသားများ အသက်ကြီးလာသောအခါ ကျားဟော်မုန်း (testosterone) လျော့နည်းလာခြင်းကို ခေါ်ပါသည်။ အမျိုးသမီးများကဲ့သို့ အချိန်ကာလ တိတိကျကျတစ်ခုတွင် သွေးဆုံးခြင်းမျိုးမဟုတ်ပဲ အသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်းလျော့နည်းလာခြင်းကြောင့် အချို့ဆရာဝန်များက ကျားဟော်မုန်းပမာဏ နည်းသွားခြင်းဟုလဲ ခေါ်ကြပါသည်။
ပုံမှန်အားဖြင့် အသက်ကြီးလာမှသာ ကျားဟော်မုန်းထုတ်လုပ်မှု ကျဆင်းတတ်သော်လဲ ဆီးချိုကဲ့သို့သော ရောဂါများဖြစ်လျှင်လဲ ကျားဟော်မုန်း လျော့နည်းလာတတ်ပါသည်။ အသက်ကြီးလာသည်နှင့် အမျှ ကျားဟော်မုန်းပမာဏ ကျဆင်းလာပါသည်။
Mayo ဆေးခန်း၏ တွေ့ရှိချက်အရ အမျိုးသားအများစုသည် အသက် ၂၀ကျော်အရွယ်တွင် ကျားဟော်မုန်းထုတ်လုပ်မှု အများဆုံးဖြစ်ပြီးအသက် ၃၀/၄၀ ကျော်လာလျှင် ကျားဟော်မုန်း ထုတ်လုပ်မှုသည် တစ်နှစ်လျှင် ၁% လောက်ကျဆင်းသွားပါသည်။
အသက် ၇၀ လောက်ရောက်လျှင် ကျားဟော်မုန်းပမာဏသည် ထုတ်လုပ်မှုအများဆုံး အချိန်ကပမာဏ၏ ၅၀% လောက်သာကျန်ပါတော့သည်။ ထိုသို့ ဟော်မုန်းပမာဏ အပြောင်းအလဲဖြစ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်စေနိုင်ပါသည်။
အမျိုးသားများသွေးဆုံးခြင်းသည် အမျိုးသမီးများသွေးဆုံးခြင်းနှင့် ခြားနားချက်များစွာရှိပါသည်။
တစ်ချက်မှာ အမျိုးသားတိုင်းသွေးဆုံးခြင်းကို မခံစားရပါ။ နောက်တစ်ချက်မှာ မျိုးပွားအင်္ဂါများအားလုံး အလုပ်မလုပ်တော့ခြင်းလဲ မဟုတ်ပါ။ သို့သော်လည်း ကျားဟော်မုန်းပမာဏ ကျဆင်းလာမှုကြောင့် လိင်ပိုင်းဆိုင်ရာဆိုးကျိုးများ ရှိတတ်ပါသည်။
Andropause (အမျိုးသားများသွေးဆုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အသက်ကြီးသော အမျိုးသားများတွင် ပိုအဖြစ်များပါသည်။ သွေးဆုံးခြင်း ပိုမိုဖြစ်ပွားစေနိုင်သော အကြောင်းရင်းများကို လျှော့ချခြင်း ပြုလုပ်နိုင်ပါသည်။ အချက်အလက်များ ပိုမိုရှိနိုင်ရန်အတွက် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။
လက္ခဏာများ
Andropause (အမျိုးသားများသွေးဆုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အဖြစ်များသော လက္ခဏာများမှာ
- အားမရှိခြင်း
- စိတ်ဓာတ်ကျခြင်း၊ဝမ်းနည်းခြင်း
- စိတ်တက်ကြွမှုနည်းခြင်း
- မိမိကိုယ်ကိုယုံကြည်မှုကျခြင်း
- အာရုံစူးစိုက်ရခက်ခဲခြင်း
- အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း
- ခန္ဓာကိုယ်တွင်အဆီများလာခြင်း
- ကြွက်သားများလျော့နည်းလာခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနည်းလာသည်ဟုခံစားရခြင်း
- ရင်သားများကြီးလာခြင်း
- အရိုးများကြံ့ခိုင်မှုနည်းလာခြင်း
- ပန်းသေပန်းညှိုးဖြစ်ခြင်း
- လိင်စိတ်နည်းပါးလာခြင်း
- ကလေးမရနိုင်ခြင်း
ရင်သားများဖောင်းလာ၊ နာလာခြင်း၊ လိင်အင်္ဂါသေးသွားခြင်း၊ ခန္ဓာကိုယ်ရှိအမွှေးများ နည်းသွားခြင်း၊ ပူလိုက်အေးလိုက် ဖြစ်ခြင်းတို့ကိုလဲ ခံစားရနိုင်ပါသည်။
အမျိုးသားများ သွေးဆုံးခြင်းသည် ကျားဟော်မုန်း နည်းသွားခြင်းကြောင့် အရိုးပွခြင်းနှင့်လည်း ဆက်စပ်နေပါသည်။ အရိုးပွခြင်းဆိုသည်မှာ အရိုးများအားနည်းပြီး ကြွတ်ဆတ်လာခြင်းဖြစ်ပါသည်။ ဤအချက်များကတော့ တွေ့ရနည်းပါသည်။ အမျိုးသမီးများသွေးဆုံးသည့် အသက်အရွယ်လောက်မှစ၍ အမျိုးသားများလဲ ထိုလက္ခဏာများကို စတင်ခံစားရလေ့ရှိပါသည်။
အထက်ဖော်ပြချက်များတွင် မပါဝင်သော လက္ခဏာများလဲ ရှိနိုင်ပါသည်။ လက္ခဏာတစ်ခုခု ခံစားရပါက သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ပါ လက္ခဏာတစ်ခုခုခံစားရပါက သို့မဟုတ် သိလိုတာတစ်ခုခုရှိလျှင် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လူတို့၏ ခန္ဓာသည် တစ်ယောက်နှင့်တစ်ယောက် တည်ဆောက်ပြုမူပုံခြင်း မတူကြပါ။
ထို့ကြောင့် သင့်အနေအထားကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးဖြစ်ပါသည်။
အကြောင်းရင်းများ
Andropause (အမျိုးသားများသွေးဆုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ
အမျိုးသားများသွေးဆုံးခြင်း၏ အဓိကအချက်မှာ ကျားဟော်မုန်း (testosterone) လျော့နည်းလာခြင်းကြောင့် ဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်း လျော့နည်းသွားပြီး သွေးထဲရှိ အသုံးပြုနိုင်သော ကျားဟော်မုန်းများကို ဝင်ပေါင်းလိုက်သည့် ဟော်မုန်းတစ်မျိူး ဖြစ်သည့် sex hormone binding globulin (SHBG) ပမာဏက များလာပါသည်။ SHBG သည် သွေးထဲတွင်လှည့်ပတ်နေသော အသုံးပြုနိုင်သည့် လွတ်နေသော ကျားဟော်မုန်း (testosterone) အချို့ကို ဝင်ပေါင်းလိုက်ပါသည်။ SHBG မပေါင်းထားသော ကျားဟော်မုန်းကို (bioavailable testerone) ခန္ဓာကိုယ်က အသုံးပြု၍ရသော ကျားဟော်မုန်းဟုခေါ်ပါသည်။
အမျိုးသားသွေးဆုံးခြင်း လက္ခဏာများခံစားနေရသော အမျိုးသားများသည် ခန္ဓာကိုယ်က အသုံးပြု၍ရသော ကျားဟော်မုန်း နည်းနေခြင်းကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ကျားဟော်မုန်း လူံ့ဆော်မှု လိုအပ်သည့် ခန္ဓာကိုယ်အချို့နေရာများတွင် ကျားဟော်မုန်းရရှိမှု နည်းသောကြောင့် စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ကြုံတွေ့ရနိုင်ပါသည်။ သို့သော် ထိုလက္ခဏာများဖြစ်ပေါ်လာခြင်းနှင့် ကျားဟော်မုန်းလျော့နည်းခြင်းတို့ ဆက်စပ်မှုရှိနေခြင်းမှာ အငြင်းပွားဖွယ်ဖြစ်နေဆဲ ဖြစ်ပါသည်။
အမျိုးသမီးများ သွေးဆုံးသောအခါ မဟော်မုန်းထုတ်လုပ်မှု လုံးဝရပ်သွားသော်လည်း အမျိုးသားများတွင်မူ ကျားဟော်မုန်းက တစ်ဖြည်းဖြည်းလျော့နည်းသွားခြင်း ဖြစ်ပါသည်။ အမျိူးသမီးများ၏ သားဥအိမ်နှင့်မတူပဲ အမျိုးသားများ၏ ဝှေးစေ့ သည် ကျားဟော်မုန်း ထုတ်ရာတွင်သုံးသည့် ပစ္စည်းများ ကုန်ဆုံးသွားခြင်း မရှိပါ။ ကျန်းမာသော အမျိုးသားတစ်ယောက်သည် အသက် ၈၀ကျော်အထိ သုတ်ပိုးထုတ်လွှတ်နိုင်ပါသည်။
ဖြစ်နိုင်ခြေများ
Andropause (အမျိုးသားများသွေးဆုံးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
အကြောင်းရင်းများစွာရှိပါသည်။ ဥပမာ
ဆီးချိုရောဂါ
အမျိုးသားများအရွယ်မတိုင်ခင် သွေးဆုံးခြင်းသည် အန္တရာယ်ရှိနိုင်သည့် မဟော်မုန်း (estrogen) ထိတွေ့မှုများခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ပြန်လည်သန့်စင်ထားသော ရေသောက်သုံးသူများ၊ မီးသဂြိၤုလ်စက်နားတွင် နေထိုင်သူများ၊ ဆေးဝါးစက်ရုံများတွင် အလုပ်လုပ်သူများ၊ ပလတ်စတစ် နှင့် ဆိုးဆေးအစရှိသည့် ဓာတုပစ္စည်းစက်ရုံများအနီးတွင် နေထိုင်သူများ၊ ပိုးသတ်ဆေးနှင့် အခြားဓာတုဆေးများ အသုံးပြုထားသည့် လယ်ယာများတွင် နေထိုင်သူ အမျိုးသားအမျိုးသမီးများတွင် မဟော်မုန်းပမာဏ များနေတတ်ပါသည်။
- ဝနေသူများ
- သွေးတိုးရောဂါရှိသူများ
- အရက်သောက်သူများအထူးသဖြင့် အမြဲတမ်းနှင့် အလွန်အကျွံသောက်သူများ
- စိတ်ကျရောဂါပျောက်ဆေးများ၊ပိုးသတ်ဆေးများ (ဥပမာ – erythromycin)။ မှိုရောဂါပျောက်ဆေးများ (ketokonazole)၊ သွေးတိုးရောဂါအတွက် ဆေးများ (beta blockers)၊ ဆီးဆေးများ၊ ကိုယ်ခံအားချသည့် ဆေးများ၊
- စိတ်ရောဂါအတွက်ဆေးများ၊ ကင်ဆာရောဂါအတွက်ဆေးများ နှင့် မဟော်မုန်းကဲ့သို့ အာနိသင်ရှိသည့် ကလေးမရနိုင်သူတို့အတွက် ပေးသည့်ဆေးများ
- ဆေးရွက်ကြီး
- ဆေးခြောက်
- မွေးရာပါကျားဟော်မုန်းလျော့နည်းစေသောမျိုးရိုးဗီဇရောဂါများ ( Klinefelter’s, Wilson-Turner’s and Androgen insensitivity syndromes)
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များ ရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
- Andropause (အမျိုးသားများသွေးဆုံးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
- အမျိုးသားများသွေးဆုံးခြင်းဟု ဆုံးဖြတ်နိုင်ရန်အတွက် ဆရာဝန်သည်
- လူနာအားစမ်းသပ်ရမည်
- ရောဂါလ္ခဏာများအကြောင်းမေးရမည်
- ကျားဟော်မုန်းပမာဏ အပါအဝင် လိုအပ်သော သွေးစစ်မှုများပြုလုပ်ခိုင်းရမည်
- အချို့အခြေအနေများသည် ကျားဟော်မုန်းလျော့နည်းခြင်းနှင့် ဆက်စပ်နေသောကြောင့်
ဥပမာ – hypogonadism (မျိုးပွားအဂါၤများကောင်းစွာမဖွံ့ဖြိုးခြင်း)၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ
သင့်ဆရာဝန်သည် ထိုအချက်များကိုပယ်နိုင်ရန် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။ အရေးကြီးသော အချက်မှာ အမျိုးသားများသွေးဆုံးခြင်း၏ လက္ခဏာအများစုသည် အသက်အရွယ်ကြီးလာခြင်း၏ သာမန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဆေးဝါးကုသ၍လဲ မရနိုင်ပါ။
Andropause (အမျိုးသားများသွေးဆုံးခြင်း) ကို ဘယ်လိုကုသပါသလဲ
သွေးအတွင်း ကျားဟော်မုန်းအစားထိုး ပြန်လည်ဖြည့်ဆည်းခြင်းသည် အမျိုးသားသွေးဆုံးခြင်းများတွင် အများဆုံးပြုလုပ်သော ကုသမှုဖြစ်သည်။ ထိုသို့ကုသခြင်းဖြင့် အများစုတွင် ရောဂါလက္ခဏာများ သက်သာစေနိုင်ပြီး ဘဝအရည်အသွေး ပြန်လည်တိုးတက်စေနိုင်ပါသည်။
အမျိုးသမီးများတွင် ဟော်မုန်းအစားထိုးခြင်းကဲ့သို့ပင် ကျားဟော်မုန်းအစားထိုးကုသခြင်းတွင်လဲ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။ ဥပမာအားဖြင့် ကျားဟော်မုန်းအစားထိုးကုသခြင်းသည် ဆီးကျိတ်ကင်ဆာကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ကျားဟော်မုန်း အစားထိုးကုသရန် စဉ်းစားမည်ဆိုပါက အချက်အလက်များကို ပိုမိုသိရှိနိုင်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်ပြီး အကျိုးအပြစ်များကို ချိန်ဆပြီးမှ ကုသရန် ဆုံးဖြတ်သင့်ပါသည်။
- ကျားဟော်မုန်း (testosterone) ကို အရေပြားကပ်ခွာများ၊ ဆေးတောင့်များ၊ ဂျယ်လ်များ၊ ထိုးဆေးများစသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ရရှိနိုင်ပါသည်။ သင့်ဆရာဝန်က သင်မည်သည့်ကုသမှုဖြင့် ပိုမိုသင့်လျော်ကြောင်းနှင့် လိုအပ်သော ဘဝနေထိုင်မှုပုံစံတို့ကို ကူညီဆုံးဖြတ်ပေးပါလိမ့်မည်။
- ကုသမှုစတင်ပြီးသည့်နောက်တွင် ဆရာဝန်နှင့် ပုံမှန်ဆက်လက်ပြသရန် အရေးကြီးပါသည်။
- ဆက်လက်ပြသမှသာ သင့်ဆရာဝန်က တိုးတက်မှုအခြေအနေကို စစ်ဆေး၍ လိုအပ်လျှင်ကုသမှု ပြန်လည်ချိန်ဆနိုင်ရန် ဖြစ်ပါသည်။
- အရေပြားကပ်ခွာများ : ကျားဟော်မုန်းပါဝင်သော ကပ်ခွာကိုကပ်ခြင်းဖြင့် အရေပြားမှတစ်ဆင့် ကျားဟော်မုန်းများ ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။
- ထိုကပ်ခွာများသည် ကျားဟော်မုန်းကို ဖြေးဖြေးနှင့်မှန်မှန် သွေးထဲသို့ ထုတ်လွှတ်ပေးပါသည်။
- ထိုကပ်ခွာကို တစ်နေ့လျှင်တစ်ကြိမ် ကျောကုန်း၊ ဗိုက်၊လက်မောင်းနှင့် ပေါင်တို့၏ ခြောက်သွေ့သော အရေပြားပေါ်တွင် ကပ်နိုင်ပါသည်။
- testosterone ဂျယ်လ် : ထိုဂျယ်လ်ကိုလဲအရေပြားပေါ်တွင် အများအားဖြင့် လက်မောင်းတွင် လိမ်းနိုင်ပါသည်။ ထိုဂျယ်လ်သည် အရေပြားခြင်းထိတွေ့မှုဖြင့် အခြားသူတစ်ယောက်ဆီ ရောက်ရှိနိုင်သောကြောင့် ဂျယ်လ်ကိုလိမ်းပြီးတိုင်း လက်ပြန်ဆေးရန် လိုအပ်ပါသည်။
ဆေးတောင့်များ: အခြားကျားဟော်မုန်း အစားထိုးကုသခြင်း တစ်မျိုးဖြစ်ပြီး အစာစားပြီး တစ်နေ့နှစ်ကြိမ် သောက်ရပါမည်။
အသည်းရောဂါရှိသူများ၊ အသည်းလုပ်ငန်းဆောင်တာ မကောင်းသူများ၊ ပြင်းထန်သော နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါရှိသူများ၊ သွေးတွင်းကယ်လ်ဆီယမ်ဓာတ်များနေသူများ ကျားဟော်မုန်းဆေးတောင့်ကို မသောက်သုံးသင့်ပါ။
ကျားဟော်မုန်းထိုးဆေး : ကျားဟော်မုန်း (testosterone cypionate* နှင့် testoateroneenanthate) ကို ၂ ပတ်မှ ၄ ပတ် အတွင်း ကြွက်သားထဲသို့ ပုံမှန်ထိုးခြင်းဖြစ်သည်။ ကျားဟော်မုန်းပမာဏ ပြောင်းလဲသွားခြင်းကြောင့် စိတ်အတက်အကျများခြင်းများ ဖြစ်စေနိုင်ပါသည်။
ပြင်းထန်သောနှလုံးရောဂါ၊ ကျောက်ကပ်ရောဂါရှိသူများ၊ သွေးတွင်း ကယ်လ်ဆီယမ်ဓာတ် များနေသူများ testosterone cypionateကို ရှောင်သင့်ပါသည်။
ပြင်းထန်သော ကျောက်ကပ်ရောဂါရှိသူများ testosterone enanthate ကို ရှောင်သင့်ပါသည်။ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာရှိသူများကို ကျားဟော်မုန်း မပေးသင့်ပါ။
နှလုံးရောဂါရှိသူ၊ သွေးကျဲဆေးကဲ့သို့သော ဆေးများသောက်နေရသူ၊ ဆီးကျိတ်ကြီးနေသူ၊ ကျောက်ကပ်ရောဂါ အသည်းရောဂါရှိသူတို့သည် ကျားဟော်မုန်းဖြင့် ကုသရန်သင့် မသင့်ကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများက အမျိုးသားသွေးဆုံးခြင်းအတွက် သင့်ကို ကူညီပါလိမ့်မည်။
- ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကိုစားပါ
- လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
- အိပ်ရေးဝဝအိပ်ပါ
- စိတ်ဖိစီးမှုများကိုလျော့ပါ
သင်စိတ်ကျခြင်းဝေဒနာကို ခံစားရပါက ဆရာဝန်သည် စိတ်ကျရောဂါကုသသော ဆေးများပေး၍ နေထိုင်မှုပုံစံ ပြောင်းလဲရန် အကြံပေးပါလိမ့်မည်။
သိလိုသည်များရှိပါက ပိုမိုနားလည်သဘောပေါက်ရန်နှင့် အကောင်းဆုံး ဖြေရှင်းကုသနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။