ဇန်နဝါရီ ၂၃ ။ ။ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် တောင်ဘက်ကမ်းရိုးတန်း အပြင်ဘက်မှာ ဇန်နဝါရီ ၂၃ ရက်က ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိ အားပြင်း ငလျင်ကြီးတစ်ခု လှုပ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာလေ့လာရေးအဖွဲ့ USGS က ထုတ်ပြန်သည်။
ယခုလက်ရှိအချိန်တွင် အလက်စကာပြည်နယ်နှင့် ကနေဒါ အနောက်ဘက်ကမ်းရိုးတန်းတို့အတွက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း အမျိုးသားဆူနာမီ သတိပေးရေး စင်တာက ပြောသည်။
ငလျင်သည် ပြည်နယ်တွင်းရှိ Kodiak မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၂၈၀ (၁၇၅ မိုင်) အကွာ အလက်စကာ ပင်လယ်ကွေ့တွင် ဗဟိုပြုလှုပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ငလျင် ဗဟိုချက်သည် ပင်လယ်ကြမ်းပြင်အောက် ၁၀ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဆူနာမီ သတိပေးချက်များထုတ်ပြန်ထားခြင်းကြောင့် ယင်း ငလျင်လှုပ်သွားရာ ဒေသအနီးဝန်းကျင်ရှိ ပြည်သူများအနေဖြင့် အမြင့်ဘက်ကျသည့် နေရာများသို့ ရှောင်တိမ်းခိုလှုံရန် လိုအပ်မည်ဖြစ်သည်။
အလက်စကာတွင် ကမ်းရိုးတန်းနေ ပြည်သူများကို ဘေးလွတ်ရာသို့ တိမ်းရှောင်ကြဖို့ အာဏာပိုင်များက တိုက်တွန်းထားသည်။