ဇန်နဝါရီလ ၁၉ ။ ။ လာမည့် ဇန်နဝါရီလ ၂၉ ရက်တွင် တစ်နှစ်ပြည့်တော့မည့် ဦးကိုနီ အသတ်ခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံ ထားရသူတစ်ဦးဖြစ်သည့် အောင်ဝင်းဇော်က အောင်စိုးနှင့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်အား တရားစွဲမည်ဟု ယနေ့ ရုံးထုတ်တွင် ပြောသည်။
ဦးကိုနီအသတ်ခံရမှုနှင့်ပတ်သက်ပြီး သေနတ်သမားကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ယနေ့ ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၁ဝ နာရီခွဲအချိန် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ၃၉ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။
ထိုသို့ ရုံးထုတ်စဉ် ဖမ်းဆီးခံထားရသူ အောင်ဝင်းဇော်က အောင်စိုး နှင့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်တို့ကို ၎င်းတို့ပြောဆိုခြင်း မရှိသည့်စကားကိုပြောသဖြင့် ၈ (စ)ပုဒ်မနှင့်
တရားစွဲသွားမည် ဖြစ်ကြောင်း တရားရုံးအဝင်တွင် မီဒီယာများကိုပြောခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက် ရုံးထုတ်တွင် အဆိုပါ ၃ ဦးက သတင်းထောက်များနှင့် ရှေ့နေများအား ထမင်းဝအောင်စားထားဟု ကြိမ်းဝါးခဲ့ကြောင်း ပြောဆိုခဲ့မှုများအပါအဝင် အခြားသော အကြောင်းအရာများ ပါဝင်သည်ဟု သိရသည်။
ဦးကိုနီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုဥပဒေအဖွဲ့ အဖွဲ့ဝင် ၊ တရားလွှတ်တော် ရှေ့နေလည်း ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ အင်ဒိုနီးရှားလေ့လာရေးခရီးစဉ်လိုက်ပါပြီး ဇန်နဝါရီ ၂၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်မှ စင်ကာပူ လေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်သို့ ပြန်ရောက်လာသည့် ရှေ့နေဦးကိုနီကို ကြည်လင်းဆိုသူက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တရားခံ ကြည်လင်းကို ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် အငှားယာဉ်မောင်း ဦးနေဝင်းလည်း သေနတ်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ရသည်။
ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှှုတွင် အဓိကပါဝင်ခဲ့သူဟု စွပ်စွဲခံထားရပြီး အောင်ဝင်းဇော် နှင့် ညီအစ်ကိုတော်စပ်သူ ဖြစ်သည်။ အောင်ဝင်းဇော်၊ ဗိုလ်ကြီးဟောင်းဇေယျာဖြိုး၊ သေနတ်သမား ကြည်လင်း တို့ကို ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။