ဘာလင်၊ ဇန်နဝါရီ ၁၆ ။ ။ ဂျာမနီနိုင်ငံ တောင်ပိုင်းတွင် ကလေးငယ်များ တင်ဆောင်လာသော ကျောင်းကားတစ်စီးသည် ကားများကို ဝင်တိုက်ပြီးနောက် အဆောက်အအုံတစ်ခု၏ နံရံကို ဝင်တိုက်ရာ ဒဏ်ရာရသူ ၄၈ ဦး ရှိခဲ့ပြီး ဆယ်ဦးက စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ရဲက ပြောသည်။
ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားသော အဆိုပါ ယာဉ်တိုက်မှုအတွင်း ဒဏ်ရာရသူများတွင် ကလေးငယ် ၄၃ ဦးနှင့် ကျောင်းကားမောင်းသူလည်း ပါဝင်ပြီး အဆိုပါ ကျောင်းကားပေါ်မှ အရွယ်ရောက်ပြီးသူများလည်း ပါဝင်ကြောင်း မြူနစ်မြို့ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ခရစ္စတော့ဖ်ကန်ကယ်က ပြောသည်။
အီဘာဘတ်မြို့အတွင်း ဖြစ်ပွားသော အဆိုပါ ယာဉ်တိုက်မှုဖြစ်ရာသို့ ရဟတ်ယာဉ်များနှင့်အတူ အရေးပေါ်ယာဉ် ဆယ်စီးရောက်ရှိကာ ဒဏ်ရာရသူများကို ဆေးရုံသို့ တင်ပို့ထားသည်။
ဒေသစံတော်ချိန် နံနက် ခုနစ်နာရီကျော်ခန့်တွင် ဖြစ်ပွားသော ယင်းယာဉ်တိုက်မှု ဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရသေးသော်လည်း ယင်းကျောင်းကားမောင်းသူကို ရဲက စစ်မေးလျက်ရှိနေသည်။