ရန်ကုန်၊ ဇန်နဝါရီလ ၁၅ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်- မိုးကုတ်သွားကားလမ်း၊ မိုင်တိုင်(၂၉/၇-၈)ကြားတွင် ရီမုမိုင်တစ်လုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝရီလ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ မိုင်းပေါက်ကွဲမှုမှာ ဇန်နဝါရီလ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီခန့်အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် ၅ဝ အရွယ် ဦးအောင်ပု(ခ) ဦးစိုးညွှန့်ဆိုသူ မောင်းနှင်လာသည့် စိန်နန်းစိုးယာဉ်လိုင်းမှ ဟိုက်အေ့ ယာဉ်မှာ မိုင်တိုင်(၂၉/၇-၈)ကြားအရောက် လမ်းယာဘက်ဘေး ၅ ပေခန့်အကွာတွင် ထောင်ထားသော ရီမုမိုင်း က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ယာဘက်ခြမ်းနှင့် ကိုယ်ထည်မှာ မိုင်းစများထိမှန်ခဲ့ပြီး ဘေးမှန်များ ပျက်စီးခဲ့ သည့်အပြင် ယာဉ်ပေါ်ပါ ခရီးသည် ၁ဝ ဦးအနက် အသက် ၂၃ နှစ်အရွယ် ဒေါ်နွယ်နွယ်မြင့်နှင့် အမျိုးသား ၂ ဦးမှာ မှန်စများ ထိမှန်သဖြင့် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူ ၃ ဦးအား ကနဦးတွင် ဒိုးပင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့ ပို့ဆောင် ဆေးကုသပေးခဲ့ကာ ည ၇ နာရီ၊ ၄ဝ မိနစ်တွင် မိုးကုတ်ဆေးရုံသို့ပြောင်းရွှေ့ ဆေးကုသပေးခဲ့ကြောင်း သိရ သည်။
အလားတူ ဇန်နဝရီလ ၁၄ ရက်၊ နံနက် ၉ နာရီခန့်အချိန် ကချင်ပြည်နယ်၊ ချီဖွေမြို့၊ အရှေ့ဘက် ၄ မိုင်ခန့် အကွာတွင် အသက် ၃၅ နှစ်အရွယ် ဦးခေါယိန်းက ၎င်းပိုင်လိမ္မော်ခြံအား ရှင်းလင်းရန် လှည့်လည်နေစဉ် ကချင်လွတ်လပ်ရေးအဖွဲ့(KIA)မှ ထောင်ထားသော မိုင်းအား နင်းမိပြီး ပေါက်ကွဲခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ဦးခေါယိန်းဆိုသူ၏ ယာလက်နှင့် ခြေသလုံးတို့တွင် မိုင်းများထိမှန်ခဲ့ကာ လက်ရှိတွင် ချီဖွေမြို့ပြည်သူ့ ဆေးရုံသို့ပို့ဆောင် ဆေးကုသပေးထားကြောင်း သိရသည်။