မကွေး၊ ဇန်နဝါရီလ ၁၁ ။ ။ ဝန်ကြီးနှစ်ဦး နှုတ်ထွက်သွားသည့်အပေါ် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့် တိုင်ပင်နေကြောင်း ခန့်သင့်ခန့်ထိုက်သူများကို ခန့်အပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောသည်။
“ ခန့်အပ်ရင်လည်း လွှတ်တော်ကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တင်ပြပြီး သူတို့ကြိုက်၊ မကြိုက်ဘူးဆိုတာ ဆုံးဖြတ်မှာပါ၊ ဝန်ကြီးလက္ခဏာတွေနဲ့ ညီ၊ မညီ လွှတ်တော်က ဆုံးဖြတ်ကြမှာပါ” ဟု ဝန်ကြီးချုပ်က ပြောသည်။
နောက်ထပ် ဝန်ကြီးနှစ်ပါး အစားထိုးခန့်အပ်ရန်အတွက် လာမည့်အပတ် လွှတ်တော်တွင် တင်သွင်းမည် ဖြစ်ကြောင်း သိရပြီး မည်သူမည်ဝါ မပြောနိုင်သေးကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးခန်းတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦး နှုုတ်ထွက်သွားသည့် ကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှစိတ်မကောင်းကြောင်း မီဒီယာများကို မျက်ရည်ကျ၍ ပြောကြားခဲ့သည်။
“ ဝန်ကြီးနှစ်ပါးလုံးက ကျွန်တော်တို့နဲ့ အင်မတန် ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေမှာ ကျွန်တော်တို့ ညီအစ်ကိုတွေ အေးအတူပူအမျှ အတူ ရုန်းကန်ခဲ့ရတာပါ၊ စိတ်မကောင်းပါဘူး။ တစ်ကယ်စိတ်မကောင်းပါဘူး” ဟု မျက်ရည်ကျ၍ ဝန်ကြီးချုပ်က ပြောသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုးမြင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး ဦးနေမျိုးကျော် တို့အား ယနေ့ ရက်စွဲဖြင့် မိမိတို့သဘောဆန္ဒအလျှောက် နိုင်ငံတော်သမ္မတရုံးမှ နှုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။