စစ်တွေ၊ ဇန်နဝါရီ ၁၀ ရက်။ ။ စတုရန်းတစ်ပေလျှင် ကျပ် ၂၅၀၀၀ နှုန်းမှ စတင်ကာ ရောင်းချခဲ့သည့် စစ်တွေမြစ်ကမ်းမှ မြေကွက်များကို နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၉.၅ သန်း (မြန်မာငွေဖြင့် ကျပ်ငွေ ၂၆ ဘီလီယံ) ဖိုး ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ ၆ ရက်နှင့် ရ ရက်နေ့များတွင် အဆိုပါ မြေကွက်များအား ရန်ကုန်တိုင်းဒေသကြီးရှိ နိုဗိုတယ်ဟိုတယ်နှင့် စစ်တွေမြို့ရှိ စီမံကိန်းနေရာများတွင် နှစ်နေရာခွဲ၍ ရောင်းချခဲ့ခြင်းဖြစ်ပြီး မြေကွက် ၂၄ဝ ကျော် ကို အဆိုပါ ပမာဏတန်ဖိုးအတိုင်း ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည် ဟုလည်း မြေရောင်းချရေးကို ကြီးမှူးသည့် iMyanmarHouse.com မှ သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ ဝယ်သူအများစုမှာ စစ်တွေဒေသခံများနှင့် စစ်တွေပြင်ပရှိ ရခိုင်ဇာတိများဖြစ်သည်ဟုလည်း သိရသည်။
အရောင်းပြပွဲကာလ အဆိုပါ နှစ်ရက်အတွင်း ဝယ်ယူသူများကို ၂၅ ရာခိုင်နှုန်း လျော့ပေးခဲ့ပြီး ထပ်မံဝယ်ယူသူများအနေနှင့် ရာခိုင်နှုန်းအပြည့်ဖြင့် ရန်ကုန်မြို့ရှိ iMyanmarHouse.com ရုံးနှင့် စစ်တွေမြို့ ဖဖြူလမ်းရှိ စီမံကိန်းနေရာများတွင် လာရောက်ဝယ်ယူနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်တွေမြို့၏ မြေကွက်ပေါက်စျေးသည် စတုရန်းတစ်ပေလျှင် ကျပ်သိန်းဂဏန်းထိ ပေါက်စျေးရှိနေပြီး ကိုယ်ပိုင်မြေဝယ်ယူရန် ခက်ခဲသူများအဖို့ ဝယ်ယူနိုင်စေရန် စတုရန်း တစ်ပေလျှင် ကျပ် ၂၅၀၀၀ မှ စတင်သည့် ယခု ရောင်းချလျက်ရှိသည့် မြေကွက်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုရီးယားကုမ္ပဏီဖြစ်သော BXT International Co., Ltd. တို့မှ အကျိုးတူ ပူးပေါင်း ဖော်ဆောင်ခြင်းဖြစ်ပြီး မကြာမီအချိန်အတွင်း စစ်တွေမြို့လယ် ဖြစ်လာမည့် နေရာအကွက်များဟုလည်း စီမံကိန်းဖော်ဆောင်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် တည်ဆောက်ရေးကာလအား သက်တမ်းတိုးရန် ရည်ရွယ်ထားကြောင်း BXT International Co., Ltd. မှ သိရသည်။
"၂၀၁၈ မတ်လမှာပြီးဖို့ရည်ရွယ်ထားပေမယ့် အကြောင်းကြောင်းကြောင့် တည်ဆောက်ရေးကာလတိုးဖို့ရည်ရွယ်ထားတယ်။ လာမယ့် မတ်လကစပြီး တစ်နှစ်ထပ်တိုးဖို့ရည်ရွယ်ထားပါတယ်" ဟု BXT International Co., Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။