မနီလာ၊ ဒီဇင်ဘာ ၁၆ ။ ။ ဖိလစ်ပိုင်အလယ်ပိုင်းသို့ အူဒူဂျာအပူပိုင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ရာ လူအနည်းဆုံး သုံးဦး သေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးနေကာ ပြည်သူ ၁၅၈၁၆၆ ဦး မုန်တိုင်းဘေးဒဏ် ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက ပြောသည်။
ရေကြီးမှုအတွင်း ကလေးတစ်ဦး သေဆုံးပြီး မြေပြိုမှုကြောင့် အရွယ်ရောက်ပြီးသူတစ်ဦးသေဆုံးကာ မတော်တဆမှုတွင် တံငါသည်တစ်ဦး သေဆုံးသည်ဟု အမျိုးသားသဘာဝဘေးလျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ ပြောခွင့်ရသူက ထုတ်ပြန်ချက်တွင် ကြေညာသည်။
ပျောက်ဆုံးနေသူများမှာ မြေပြိုမှုတစ်ရပ်အတွင်း တံငါသည် သုံးဦးနှင့် အခြားသုံးဦး ပျောက်ဆုံးနေခြင်း ဖြစ်သည်။ မုန်တိုင်းဒဏ်သင့် ပြည်သူ တစ်သိန်းခွဲကျော်တွင် ၃၈၈၄၆ ဦးက ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ကောင်စီက ဆိုသည်။
အနောက်ဖက်ဒေသသို့ တစ်နာရီ ၁၅ ကီလိုမီတာနှုန်းဖြင့် ရွှေ့လျားနေသော ယင်းမုန်တိုင်းဒဏ်၏ လေပြင်းတိုက်နှုန်းသည် တစ်နာရီ ကီလိုမီတာ ၁၅၀ နှုန်းရှိပြီး မုန်တိုင်းဒဏ်၏ သက်ရောက်မှုကို လျှော့ချခန့်မှန်းထားခြင်းသာ ဖြစ်ကြောင်း ယင်းပြောခွင့်ရသူက ဆိုသည်။
ဒီဇင်ဘာ ၁၆ ရက်နေ့ ခန့်မှန်းချက်အရ မုန်တိုင်းသည် လူဦးရေ ၁ ဒဿမ ရ သန်းရှိသော ဖိလစ်ပို်င်၏ တတိယအကြီးဆုံး ဆမ်မားကျွန်းကို ဝင်ရောက်တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်းထားသည်။
ဆမ်မားကျွန်းအပြင် ဘီလီရမ်၊ အကလန်စသည့် ကျွန်းဒေသများကိုပါ အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ထားသည်။
ယခုမုန်တိုင်းကြောင့် ဆိပ်ကမ်းများတွင် သင်္ဘော ၁၃၂၅ စီးနှင့် ကုန်တင်သင်္ဘော ၅၂ စီး သောင်တင်နေရာ ခရီးသည်ပေါင်း ၁၁၀၀၀ ကျော် သောင်တင်လျက်ရှိနေသည်။