တိုက်စစ်မှူးသစ်ဝယ်ယူရန် တောင်းဆိုမည်မဟုတ်ဟု ရီးယဲလ်နည်းပြ ဇီဒန်းဆို

တိုက်စစ်မှူးသစ်ဝယ်ယူရန် တောင်းဆိုမည်မဟုတ်ဟု ရီးယဲလ်နည်းပြ ဇီဒန်းဆို

 

ဒီဇင်ဘာ ၁၄၊ အဘူဒါဘီ ။                 ။ တိုက်စစ်မှူး ဘန်ဇီမာမှာ သုံးပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးနေသော်လည်း ရီးယဲလ်နည်းပြ ဇီဒန်းက လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့တွင် တိုက်စစ်မှူးသစ်ဝယ်ယူပေးရန် တောင်းဆိုမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ရီးယဲလ်အသင်းသည် ဖီဖာကမ္ဘာ့ကလပ်ဖလားဆီမီးဖိုင်နယ်တွင် အယ်လ်ဂျားဇီးယားအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး စီရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြသည်။ ထိုပွဲတွင် ဘန်ဇီမာမှာ အခွင့်အရေးများရရှိခဲ့သော်လည်း ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ဘဲ ၂ ကြိမ် တိုင်ထိခဲ့သည်။

“ကစားသမားသစ်တစ်ယောက်တောင် ခေါ်ပေးဖို့ တော်းဆိုမှာ မဟုတ်ပါဘူး။ ခင်ဗျားအနေနဲ့ကိုယ့်အမြင်ကို ကိုယ်ပြောနိုင်ပါတယ်။ ဘန်ဇီမာဟာ ဂိုးမသွင်းနိုင်ပေမယ့် စီရော်နယ်ဒိုနဲ့အတူ   ကောင်းကောင်းတွဲကစားနိုင်ပြီး ရွေ့လျားတာတွေကလည်း ကောင်းပါတယ်။

သူက ဂိုးသွင်းချင်နေတာကြောင့် ကျွန်တော်အနည်းငယ်တော့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ကစားသွားတဲ့ ကစားသမား အားလုံးရဲ့ ခြေစွမ်းကို သဘောကျပါတယ်” ဟု ဇီဒန်းက ပြောဆိုခဲ့သည်။

ရီးယဲလ်အသင်းသည် အင်တာတိုက်စစ်မှူးအိုင်ကာဒီကို ခေါ်ယူရန် အလိုရှိနေသည်ဟု သတင်းများထွက်နေသော်လည်း ဇီဒန်းက ယခုကဲ့သို့ ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags