ဒီဇင်ဘာ ၁၄၊ အီတလီ ။ ။ ကိုပါအီတာလီယာပြိုင်ပွဲမှာ အေစီမီလန်အသင်းက ဗီရိုနာအသင်းကို ၃-၀ ဂိုးနဲ့ အလွယ်တကူ အနိုင်ရခဲ့ပေမယ့် အဲ့ဒီပွဲမှာ ပရိသတ်တွေကြောင့် မီလန်ဂိုးသမား ဒွန်နာရမ်မာတစ်ယောက် ငိုကြွေးခဲ့ရပါတယ်။
မီလန်အသင်းရဲ့ ပရိသတ်တွေဟာ သူတို့အသင်းရဲ့ဂိုးသမားဒွန်နာရမ်မာကို အဲ့ဒီပွဲစဉ်မှာ ကပ်မြှောင်ဆိုပြီး အော်ဟစ်လှောင်ပြောင်ခဲ့ကြသလို မင်းကိုငါတို့ စိတ်ကုန်သွားပြီဆိုတဲ့ စာတန်းကိုလည်း ချိတ်ဆွဲကာ ဒွန်နာရမ်မာကို တိုက်ခိုက်ခဲ့ကြပါတယ်။
“မင်းကို တစ်နှစ်ယူရို ၆ သန်းပေးပြီး ကပ်မြှောင်အဖြစ် စာချုပ် ချုပ်လိုက်တာကိုက စိတ်ပျက်စရာမဟုတ်လား? မင်းကိုငါတို့ရဲ့ စိတ်ရှည်သည်းခံမှုက ကုန်သွားပြီ” လို့ စာတန်းရေးသားခဲ့ပါတယ်။
ဒွန်နာရမ်မာဟာ ရာသီမစတင်ခင်က အသင်းပြောင်းမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် နောက်ဆုံးတော့ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ အသင်းက ထွက်ခွာမယ်လို့ ပြောခဲ့တဲ့ ဒွန်နာရမ်မာကို မီလန်ပရိသတ်တွေက အဲ့ဒီအချိန်ကတည်းက စိတ်ပျက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ယခင်ကလည်း ဒွန်နာရမ်မာကို ငွေစက္ကူအတုတွေနဲ့ ပစ်ပေါက်တာမျိုးတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဝတ်လဲခန်းထဲမှာ ငိုကြွေးနေတဲ့ ဒွန်နာရမ်မာကို အသင်းဖော် ဘိုနုချီက နှစ်သိမ့်ပေးခဲ့ပါတယ်။
ဒီလိုအဖြစ်အပျက်ကြောင့် ဒွန်နာရမ်မာက လာမယ့်အပြောင်းအရွှေ့မှာ အသင်းပြောင်းနိုင်ဖို့ သူ့ရဲ့အေးဂျင့် ရွိုင်အိုလာကို ပြောဆိုထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။
ရည်ညွှန်း ဒေးလီးမေးလ်