နေပြည်တော် ဒီဇင်ဘာ ၈ ။ ။ ရွေးကောက်ပွဲကော်မရှင်အပေါ် အယုံအကြည်မရှိကြောင်း ပြောဆိုခဲ့ခြင်းအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ယနေ့တွေ့ဆုံညှိနှိုုင်းခဲ့ရသော ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင် တို့ အကြား ယုံကြည်မှု တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း မီဒီယာများကိုပြောသည်။
‘ကျွန်တော်တို့ ရဲ့အမြင်ကိုလည်း ရှင်းပြခွင့် ရခဲ့တယ်၊ ကော်မရှင်ရဲ့ အခြေအနေကိုလည်း သိရတယ်၊ ဒီအတွက် ယုံကြည်မှုတစ်ခု တည်ဆောက်လို့ရတဲ့ ခြေလှမ်းလို့ သုံးသပ်ပါတယ်’ဟု ဒေါက်တာနန္ဒလှမြင့်က ပြောသည်။
ရွေးကောက်ပွဲကော်မရှင်ကလည်း ဥပဒေ လုပ်ထုံ လုပ်နည်း များ နှင့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင်အကြား ယုံကြည်မှု မရှိပါက ရွေးကောက်ပွဲ နှင့် အခြားလုပ်ငန်း စဉ်များ မချောမွေ့ နိုင်ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ဒေါက်တာ နန္ဒာလှမြင့်ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံးချုပ်တွင် နိုဝင်ဘာ ၂၃ ရက်ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သည် NLDပါတီဘက်မှ ဘက်လိုက်ဆောင်ရွက်နေကြောင်းနှင့် ကော်မရှင်၏လုပ်ဆောင်နေမှုများကို ယုံကြည်မှုမရှိကြောင်း ဒေါက်တာ နန္ဒာလှမြင့်ကပြောကြားခဲ့သည်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီမှ ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးရှာမွေလရှဲန်အား ထောက်ခံသည့် ပြည်သူ့စစ်အဖွဲ့များမှ မဲရုံပရဝဏ်ဧရိယာအတွင်း လက်နက်များဖြင့် စောင့်ကြည့် ခဲ့ခြင်းများရှိသည့် ဟု စွပ်စွဲချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ NLDကိုယ်စားလှယ်လောင်းဒေါက်တာဝဏ္ဏစိုးက ကန့်ကွက်လွှာ ပေးပို့တိုင်ကြားခဲ့သည်။ ဦးရှာမွေလရှဲန်ကလည်း ပြန်လည်ကန့် ကွက်လွှာပေး ပို့ ခဲ့သည်။ ယင်းဖြစ်စဉ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၂ ရက်တွင် ပြန်လည်စစ်ဆေးကြားနာခဲ့ပြီးနောက် NLD ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်းဒေါက်တာဝဏ္ဏစိုးအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမိန့်ချမှတ်ခဲ့သည်။ကော်မရှင်၏ယင်းဆုံးဖြတ်ချက်ကိုတရားမျှတမှုမရှိကြောင်း ဒေါက်တာနန္ဒာလှမြင့်က နိုဝင်ဘာ ၂၃ ရက်နေ့ တွင် မီဒီယာများသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာနန္ဒလှမြင့်၏ စွပ်စွဲဝေဖန်မှုနှင့်ပတ်သက်ပြီး ကော်မရှင်အနေဖြင့်ဥပဒေ လုပ်ထုံ လုပ်နည်း များ နှင့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ပြောကြားခဲ့သည်။ ကော်မရှင်၏ ရှင်းပြချက်များကိုလက်ခံသော်လည်း ကော်မရှင်၏ ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂) အငြင်းပွားမှုဆုံးဖြတ်ချက်အပေါ် တရားမျှတမှု မရှိဟု ယခုအချိန်ထိ ယုံကြည်ထားကြောင်း ဒေါက်တာနန္ဒာလှမြင့်က မီဒီယာများကို ပြောသွားခဲ့သည်။