တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို လူပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြ

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို လူပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြ

 

ဆိုးလ်၊ ဒီဇင်ဘာ ၅ ။           ။ နို၀င်ဘာလအနှောင်းပိုင်းက လုပ်ဆောင်ခဲ့သည့် မြောက်ကိုရီးယားတို့၏ တိုက်ချင်းပစ်ဒုံးပျံ စမ်းသပ်မှုကို တုံ့ပြန်ကာ အင်အားပြသသည့်အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ကြီးမားသော လေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့က စတင်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ လေကြောင်းစစ်ရေးလေ့ကျင့်မှုကို နေ့ရောညပါ လုပ်ဆောင်မည်ဖြစ် ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက ယခုလေကြောင်းစစ်ရေးလေ့ကျင့်မှုသည် အကြီးမားဆုံးသော လေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုဖြစ်သည်ဟု အတည်ပြုပြောဆိုခြင်းမရှိသော်လည်း ဒေသတွင်းမီဒီယာများက လေယာဉ် ၂၃၀ နှင့် တပ်သား ၁၂၀၀၀ ပါ၀င်သော ယင်းလေ့ကျင့်မှုသည် စံချိန်တင်အကြီးမားဆုံး လေကြောင်းစစ်ရေးလေ့ကျင့် မှုဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။

ထိုစစ်ရေးလေ့ကျင့်မှုအား ဆန့်ကျင်သည့်အနေဖြင့် ဆိုးလ်မြို့ရှိ အမေရိကန်သံရုံးရှေ့တွင် လူဒါဇင်ပေါင်းများစွာ က ဆန္ဒပြသခဲ့ကြသည်။

ဆန္ဒပြသူများက စစ်ရေးအရပြင်ဆင်မှုအစား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကို နှစ်ဦးနှစ်ဖက်ထိပ်တိုက် ဆွေးနွေးပြီး ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တောင်းဆိုလျက်ရှိသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင်ပြီးဆုံးမည့် ယင်းစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်တို့ဘက်မှ F-22 နှင့် F35 အမျိုးအစား တိုက်လေယာဉ်များအပါအဝင် ရေဒါ၌မပေါ်နိုင်သော နည်းပညာမြင့်တိုက်လေယာဉ် နှစ်ဒါဇင်ခန့် နှင့် B-1B ဗုံးကြဲလေယာဉ်နှစ်စီးကို ထည့်သွင်းအသုံးပြုထားသည်။

ယင်းပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်း နျူကလီးယားအဆောက်အဦးပုံစံအတုများနှင့် ပြံုယမ်းအစိုးရဘက်မှ အသုံးပြုသည့် တိုက်ချင်းပစ်ဒုံးပျံလွှတ်တင်သည့် ယာဉ်ပုံစံတူများကိုအသုံးပြုကာ ယင်းတို့အားတိုက်ခိုက်သည့် လေ့ကျင့်ခန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly