ဒီဇင်ဘာ ၃၊ ရန်ကုန် ။ ။ ၂၀၁၇-၁၈ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စတင်ကျင်းပနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်လျက်ရှိသည်။
အမျိုးသမီးဘောလုံးလောကဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်များပေါ်ထွက်လာစေရန် ရာသီသစ်အမျိုးသမီးလိဂ်တွင် အပြောင်းအလဲများစွာပြုလုပ်မည်ဖြစ်သည်။ ပထမဆုံးအနေဖြင့် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို လက်ရှိ ရ သင်းမှ အနည်းဆုံး ၉ သင်းအထိတိုးမြှင့်နိုင်ရန် ကြိုးပမ်းနေသည်။
ပထမဆုံးနှစ်က အမှတ်ပေးပြိုင်ပွဲသာ ရှိသော်လည်း ယခုနှစ်တွင် ရှုံးထွက်ပြိုင်ပွဲများပါ ကျင်းပနိုင်ရန်လည်း MFF က စီစဉ်နေသည်။ အဖွဲ့ချုပ်အနေဖြင့် စပွန်ဆာငွေကြေးများရရှိထားသောကြောင့် ပြိုင်ပွဲဝင်အသင်းများအတွက် ထောက်ပံ့ကြေးကိုလည်း တိုးမြှင့်ပေးထားသည်။
ယခင်က လက်ရွေးစင်ကစားသမားအရေအတွက်ကို ကန့်သတ်ထားသော်လည်း လာမည့်ရာသီသစ်တွင် အကန့်အသတ်မရှိ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံခြားသားဘောလုံးသမားများကိုလည်း ခေါ်ယူခွင့်ပြုထားသည်။
လာမည့်ရာသီသစ်တွင် လိဂ်ပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် နှစ်ကျော့ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပထမဆုံးကျင်းပခဲ့သည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် မြဝတီအသင်းက ဗိုလ်စွဲခဲ့ပြီး သစ္စာအားမာန်အသင်းကဒုတိယ၊ အားကစားနှင့်ကာယပညာဦးစီးဌာနက တတိယရရှိခဲ့သည်။
ဓာတ်ပုံ - MFF