ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ။ ။ အမေရိကန်နိုင်ငံ Las Vegas တွင် ကျင်းပပြုလုပ်လျက် ရှိသည့် Miss Universe 2017 ပြိုင်ပွဲ၏ ပြိုင်ပွဲ တစ်ခု ဖြစ်သည့် နိုင်ငံကိုယ်စားပြုဝတ်စုံ (NATIONAL COSTUME SHOW) ယှဉ်ပြိုင်မှုကို နိုဝင်ဘာ ၁၈ ရက် (နိုဝင်ဘာ ၁၉ရက် မြန်မာစံတော်ချိန် မနက် ၁၀နာရီခွဲ) တွင် Planet Hollywood Resort & Casino Mezzanine ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် Miss Universe Myanmar 2017 အလှမယ် ဇွန်သံစဉ်က ၀င်ရောက် ယှဉ်ပြိုင် လျှက်ရှိပြီး မြန်မာနိုင်ငံမှ နှစ်စဉ် ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိသည့် အလှမယ် ပြိုင်ပွဲတစ်ခုလည်း ဖြစ်သည်။
အလှမယ် ဇွန်သံစဉ် သည် နိုင်ငံကိုယ်စားပြု ၀တ်စုံကို မြန်မာ ဆိုင်းဝိုင်းပုံစံ ဖန်တီးထားသည့် ၀တ်စုံကို ၀တ်ဆင် ပြသမည် ဖြစ်ပြီး ၀တ်စုံကို ဒီဇိုင်နာ ဒေါက်တာသဇင်ခင်က ပုံဖော်ချုပ်လုပ်ပေးထားခြင်း မြန်မာ့အနုပညာ ရွှေချည်ထိုး လက်ရာနှင့် မှန်စီရွှေချ မြန်မာ့ဆိုင်းဝိုင်း လက်ရာများကို ဖော်ကျူး ပြသထားသည့် ဝတ်စုံဖြစ်သည်။
မြန်မာ့ရိုးရာ တူရိယာဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကို ရှေ့တည့်တည့်မှ မြင်ရသည့် မြင်ကွင်းဖြင့် ပုံဖော်ပြုလုပ် ထားခြင်းဖြစ်ပြီး ရှေ့တည့်တည့်မှမြင်ရသည့် မြန်မာ့ဆိုင်းဝိုင်းကြီးမှ ပတ်ဝိုင်းကြီးပုံကို မယ်စကြာဝဠာ မြန်မာ အလှမယ် ဇွန်သံစဉ်မှ ပုဝါဖြင့်သိုင်းကာ လက်ဖြင့်ဆွဲယူ သယ်ဆောင်လာမည် ဖြစ်ကာ ပြီးမှ နောက်ဘက် တွင် ခေါက်ယူလာသော ကြေးဝိုင်း ၊ ပတ်မဝိုင်းနှင့် ပဥ္စရူပတို့ကို ဖြန့်ချပြသမည် ဖြစ်သည်။
မြန်မာ့ဆိုင်းဝိုင်းကြီးပုံကို ဖြန့်ချပြသလိုက်သည့်အခါ ညာဘက်တွင် ကြေးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်း ဆိုင်းဘုတ်၊ ဘယ်ဘက်တွင် ပတ်မဝိုင်းနှင့် ပဥ္စရူပ၊ ၄င်းတွင်ချိတ်ဆွဲထားသော ပတ်မကြီးနှင့် မောင်းတို့ကို တွေ့မြင်ရမည် ဖြစ်ကာ ထိုတွေ့မြင်ရသည့် အစိတ်အပိုင်းများကို မြန်မာ့ရိုးရာလက်မှုရွှေခြည်ထိုးဖြင့် ဖန်တီး ပြုလုပ်ထားသည်။
ပတ်ဝိုင်းကြီး၊ ကြေးဝိုင်း၊ ပတ်မဝိုင်းတို့ကို ကျွန်းသစ်ဖြင့် ဘောင်ပြုလုပ်ပြီး ထိုကျွန်းပြားပေါ်တွင် မြန်မာမှု မှန်စီ ရွှေချလက်မှုပညာများဖြင့် အလှဆင်ထားသည်။ ဝါးလက်ခုတ်၊ ယကွင်း၊ နှဲစသော မြန်မာ့ဆိုင်းဝိုင်းကြီးကို တီးသည့်အခါ ပါဝင်အားဖြည့်ရသည့် မြန်မာ့တူရိယာပစ္စည်းများကို မြန်မာ့ဆိုင်းဝိုင်းဆိုင်းဘုတ်အောက်တွင် ချိတ်ဆွဲပြသထားသည်။
ဆိုင်းဝိုင်းကြီးအား ဆိုင်းတီးပုံဖြင့် သရုပ်ဖော်ပြသပေးသူ မယ်စကြာဝဠာ မြန်မာအလှမယ် ဇွန်သံစဉ်၏ ဝတ်စုံမှာ ကုန်းဘောင်ခေတ် မင်းသမီးများ၏ ဝတ်စုံကို မှီငြမ်းပြီး ဆန်းသစ်တီထွင် ဖန်တီးချုပ်လုပ် ထားသည်။ မင်းသမီး ဝတ်စုံ၏ အဆင် တန်ဆာများကို မြန်မာ့လက်မှုရွှေခြည်ထိုးဖြင့် ပြုလုပ်ပြီး ရွှေသားစစ်စစ်များ ထည့်သွင်း အလှဆင် ထားကာ တိမ်တောင်ဆံထုံးကို အလှဆင်ထားသည့် ရွှေကနုတ်ပန်းခက်နှင့် ရွှေကြိုးတို့ကို ရွှေသား စစ်စစ်ဖြင့် ပြုလုပ်ထားသည်။
လက်ရှိတွင် အလှမယ် ဇွန်သံစဉ် သည် နိုင်ငံတကာ မှ အလှမယ်များနှင့်အတူ Miss Universe ပြိုင်ပွဲ အတွက် Activity များကို လုပ်ဆောင်လျက် ရှိပြီး Miss Universe 2017 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ Las Vegas တွင် နိုဝင်ဘာ ၂၆ရက်၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။
NATIONAL COSTUME SHOW ကို နိုဝင်ဘာ ၂၆ ရက် မြန်မာစံတော်ချိန် မနက် ၁၁နာရီခွဲ Miss Universe Facebook page www.facebook.com/missuniverse နှင့် Miss Universe Youtube https://www.youtube.com/OfficialMissUniverse တို ့မှ ပြန်လည် ပြသမည် ဖြစ်သည်။