နိုဝင်ဘာ ၁၇ ။ ။ ဂျပန်နိုင်ငံက မီးရထားတစ်စီး ပုံမှန်ထွက်ခွာရမယ့်အချိန်ထက် စက္ကန့် ၂၀ စောပြီး ထွက်သွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ယခုအခါ သက်ဆိုင်ရာ မီးရထားကုမ္ပဏီဘက်က ခရီးသွားပြည်သူတွေကို ပြန်လည် တောင်းပန်သွားခဲ့တယ်လို့ သိရပါတယ်။
အချိန်တိကျမှု၊ ယဉ်ကျေးပျူငှာမှုတို့နဲ့အတူ နာမည်ကျော်တဲ့ ဂျပန်နိုင်ငံအတွက်ကတော့ ယခုလို စက္ကန့်ပိုင်းမျှ အချိန်စောတဲ့ကိစ္စအပေါ် တောင်းပန်သွားတာကို ကြားရသူတွေအတွက်တော့ အံ့အားသင့်စရာ ကိစ္စတစ်ခုဖြစ်လာခဲ့ရပါတယ်။
မြို့တော် Toykyo နဲ့ မြောက်ပိုင်း Tsukuba မြို့တို့အကြား ပြေးဆွဲပေးနေတဲ့ Tsukuba အမြန်ရထားတစ်စီးဟာ ဒေသစံတော်ချိန် ၉ နာရီ ၄၄ မိနစ် စက္ကန့် ၄၀ မှာ ထွက်ခွာရမှာ ဖြစ်ပေမယ့်လည်း ၉ နာရီ ၄၄ မိနစ် စက္ကန့် ၂၀ မှာ ထွက်ခွာသွားခဲ့တာဖြစ်ပြီး စက္ကန့် ၂၀ စောသွားတာဖြစ်ပါတယ်။
ယင်းလိုမျိုး စက္ကန့်ပိုင်းမျှ အနည်းငယ်အချိန်စောပြီး ထွက်သွားခဲ့တဲ့ ရထားကြောင့် ခရီးသည်တွေ အဆင်မပြေဖြစ်ခဲ့ရတဲ့အပေါ် ပြန်လည်တောင်းပန်ပါကြောင်း Tsukuba အမြန်ရထား ကုမ္ပဏီက ချက်ချင်းပြန်လည်ထုတ်ပြန်သွားတာဖြစ်ပါတယ်။
" ခုလို ခရီးသွားပြည်သူတွေကို အဆင်မပြေ ဖြစ်စေခဲ့တဲ့အပေါ် ကျွန်တော်တို့ လေးလေးနက်နက် ပြန်တောင်းပန်ချင်ပါတယ်" လို့ Tsukuba ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
မီးရထားကုမ္ပဏီဘက်က ယခုလို တောင်းပန်ချက်ထုတ်ပြန်ခဲ့ပေမယ့်လည်း ယင်း ရထားထွက်ခွာချိန်စောတဲ့ကိစ္စမှာ ခရီးသည်တွေဘက်ကတော့ တစ်စုံတစ်ရာ ကွန်ပလိန်းတက်တာမျိုးတော့ မရှိခဲ့ကြောင်းလည်း သိရပါတယ်။