ဗန္ဓုလကုမ္ပဏီပိုင် YBS ၁၄ ကားအသစ်များဖြင့် လမ်းကြောင်းပြောင်း ပြေးဆွဲနေ

ဗန္ဓုလကုမ္ပဏီပိုင် YBS ၁၄ ကားအသစ်များဖြင့် လမ်းကြောင်းပြောင်း ပြေးဆွဲနေ

 

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။           ။ YBS စနစ်၏ မြို့တွင်းချိတ်ဆက်လိုင်းတစ်လိုင်းဖြစ်သည့် YBS ၁၄ ယာဉ်လိုင်းတွင် Yutong(ယူတုန်း) ကားအသစ်များဖြင့်  နိုဝင်ဘာလ ၁၆ ရက်၌ စတင်အစားထိုးလဲလှယ် ပြေးဆွဲနေသည်။

ကားအသစ်များဖြင့် ပြောင်းလဲပြေးဆွဲခဲ့ပြီး မူလယာဉ်လမ်းကြောင်းဖြစ်သည့် သခင်မြပန်းခြံ၊ လှည်းတန်း၊ ရန်ကင်း၊ တောင်ဥက္ကလာနှင့် မြောက်ဒဂုံ ကြိုးတံတားအစား သခင်မြပန်းခြံမှ တောင်ဥက္ကလာပမြို့နယ်ရှိ ပါရမီဝင်းသို့ ပြောင်းလဲပြေးဆွဲခဲ့သည်။

"၁၆ ရက်နေ့မှာ အစီး ၅၀ နဲ့ ပြေးဆွဲပေးပါမယ်။ ဒရိုင်ဘာကတော့ လက်တင်မောင်းရုံပါပဲ "ဟု အဆိုပါ ယာဉ်လိုင်းအုပ်ချုပ်မှုတာဝန်ရှိသူ ကိုမျိူးမင်သန်းက ဆိုသည်။

ထိုသို့ ကားသစ်များ၊ လမ်းကြောင်းများ ပြောင်းလဲလိုက်သော်လည်း မူလ ယာဉ်မောင်းများအား ဆက်လက် ခန့်ထားကြောင်း သိရပြီး အဆိုပါ နံပါတ် ၁၄ သည် ဗန္ဓုလကုမ္ပဏီပိုင်မှ တာဝန်ယူပြေးဆွဲနေခြင်း ဖြစ်သည်။

အဆိုပါ လမ်းကြောင်းပြောင်းလဲခြင်းနှင့် ပတ်သက်၍ မြောက်ဒဂုံ၊ ဘုရင့်နောင် လမ်းဆုံရှိ မူလကားဂိတ်နေရာ မရခြင်း၊ လမ်းကျဉ်းမြောင်း၍ ကားအသစ်များအတွက် ရှောင်ရန်ခက်ခဲခြင်းတို့အပြင် သစ်ပင်ကိုင်းများ၊ မီးကြိုးများ မှာလည်း ကားအသစ်များဖြင့် မလွတ်သောကြောင့် မူလပြေးဆွဲပေးနေသည့် မြောက်ဒဂုံ လမ်းကြောင်းကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိပြေးဆွဲနေသည့် ကားအသစ်များပေါ်တွင် ခရီးသည်များလုံခြံုရေးအတွက် စီစီတီဗီကင်မရာ ၄လုံး၊ ဂျီပီအက််စ် စနစ်၊ အဲကွန်းများ၊ အရေးပေါ်မှန်ခွဲကိရိယာများ၊ စပီကာများနှင့် ယာဉ်မောင်းက စကားပြောဆိုနိုင် သည့် မိုက်၊ တိုင်ကြားရန်ဖုန်းနံပါတ်နှင့် ယာဉ်မောင်း၏ အချက်အလက်တို့ကို ထားရှိပေးထား သည်။

ဗန္ဓုလကုမ္ပဏီပိုင် ယာဉ်လိုင်းအားလုံးမှ ကားများကို  လာမည့် ဒီဇင်ဘာလနောက်ဆုံးထားကာ ကားအသစ် များဖြင့် လဲလှယ်သွားမည်ဖြစ်ကြောင်းလည်း မန်းနေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောထားသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ လက်အောက်တွင် YBS ၁၄ အပါအဝင် ယာဉ်လိုင်း ၅ လိုင်းကို တာဝန်ယူပြေးဆွဲနေပြီး ယခင်က အဓိပတိနှင့် ပါရမီယာဉ်လိုင်းများ ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

ယခင်က အဆိုပါယာဉ်လိုင်းတွင်း ကြံ့ခိုင်ရေးမကောင်းသော ဘတ်စ်ကားများ၊ ထိုင်ခုံမလုံလောက်သည့် ဘတ်စ်ကားများဖြင့် ပြေးဆွဲခဲ့ရာ ယခုအခါတွင် ဘတ်စ်ကားအသစ်များဖြင့် အစားထိုး လဲလှယ်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags