ဖိလစ်ပိုင်အနေဖြင့် တရုတ်နိုင်ငံအပေါ် ကျေးဇူးကြွေးတင်ရှိနေပြီဟု ဒူတာတေးပြောဆို

ဖိလစ်ပိုင်အနေဖြင့် တရုတ်နိုင်ငံအပေါ် ကျေးဇူးကြွေးတင်ရှိနေပြီဟု ဒူတာတေးပြောဆို

 

မနီလာ၊ ဖိလစ်ပိုင်၊ နို၀င်ဘာ ၁၆ ။             ။ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ကို လိုလားသော စစ်သွေးကြွများအား ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် စစ်လက်နက် များအကူအညီပေးခဲ့သော တရုတ်နိုင်ငံအပေါ် ဖိလစ်ပိုင်နိုင်ငံအနေဖြင့်   ကျေးဇူးကြွေးတင်ရှိနေပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးက ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။

ပြီးခဲ့သောဇွန်လက ဖိလစ်ပိုင်တောင်ပိုင်းမာရာဝီမြို့၌ IS ခရိုင်တစ်ခု ထူထောင်နိုင်ရန် ကြိုးပမ်းနေခဲ့သော သောင်းကျန်းသူများအား ရင်ဆိုင်တိုက်ခိုက်ရန်အတွက် လက်နက်အင်အားချို့တဲ့သော ဖိလစ်ပိုင်လုံခြံုရေး တပ်ဖွဲ့အား တရုတ်နိုင်ငံက သေနတ်ထောင်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့သည်။

မနီလာမြို့၌ကျင်းပသော ဒေသတွင်းထိပ်သီးစည်းဝေးပွဲကို ကမ္ဘာ့ခေါင်းဆောင်များအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်အတူ တက်ရောက်ခဲ့သည့် တရုတ်ဝန်ကြီးချုပ်လီကီချောင်အား ဒူတာတေးက ယခုလိုကျေးဇူး တင်စကားပြောခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့အကူအညီတောင်းခံချိန်မှာ ချက်ချင်းအကူအညီပေးခဲ့တာဟာ တရုတ်နိုင်ငံဖြစ်ပါတယ်” ဟု ဒူတာတေးက မာရဝီပဋိပက္ခနှင့်ပက်သက်၍ ပြောခဲ့သည်။

“ဒါကြောင့်ပဲ ငွေကြေးတွေ၊ ပြည်သူ့လုပ်ငန်းတွေ၊ တံတားတွေနဲ့ အခြားအရာတွေကို ထောက်ပံ့ကူညီပေးခဲ့တဲ့ တရုတ်နိုင်ငံအပေါ် ဖိလစ်ပိုင်နိုင်ငံဟာ အနာဂတ်မှာ ကျေးဇူးကြွေးပြန်ဆပ်မှာဖြစ်ပါတယ်” ဟုလည်း သူက ထပ်လောင်းပြောဆိုခဲ့သည်။

ငါးလခန့်ကြာမြင့်သော မာရဝီမြို့တိုက်ပွဲသည် ပြီးခဲ့သောလကအဆုံးသတ်ခဲ့ပြီး မြို့ကြီးပြန်လည်ထူထောင်ရေး အတွက် တရုတ်ယွမ်သန်း ၁၅၀ ( ဒေါ်လာ ၂၂.၆သန်းခန့်) အကူအညီပေးမည်ဟု တရုတ်ဝန်ကြီးချုပ်လီက ပြောခဲ့သည်။

“သမ္မတကြီးရဲ့ဦးဆောင်မှုနဲ့ ခင်ဗျားရဲ့အစိုးရလက်အောက်မှာ မာရဝီမြို့ ပြန်လည်ထူထောင်ရေးဟာ မျှော်မှန်း ထားတဲ့အချိန်ထက် ပိုမိုစောစီးစွာ ပြီးစီးနိုင်လိမ့်မယ်လို့ ကျနော်တို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု လီက ဒူတာတေးနှင့်အတူ သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျတို့ကလည်း မာရဝီမြို့တိုက်ပွဲအတွက် လေကြောင်းအကူအညီအပါ အဝင် စစ်ရေးအရတိုက်ရိုက်ကူညီခဲ့ဖူးပြီး မြို့ကြီးပြန်လည်တည်ဆောက်ရေးအတွက် အကူအညီပေးရန်လည်း ကတိပြုခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly