တရားစီရင်ရေးအားမကျေနပ်၍ တိုင်ကြားထားမှုအပါအဝင် တိုင်ကြားစာ ၆၀ခန့် ဖြေရှင်းထားဟု ဆို

တရားစီရင်ရေးအားမကျေနပ်၍ တိုင်ကြားထားမှုအပါအဝင် တိုင်ကြားစာ ၆၀ခန့် ဖြေရှင်းထားဟု ဆို

မုံရွာ၊ နိုဝင်ဘာ ၈။         ။ တရားစီရင်ရေးအား မကျေနပ်သဖြင့် တိုင်ကြားမှုများအပါအဝင် တိုင်ကြားစာပေါင်း (၆၀)ခန့်အား စစ်ကိုင်းတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ခွဲမှ ဖြေရှင်းထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်သော ပြသနာများအား အများဆုံး လာရောက်တိုင်ကြားကြခြင်းဖြစ်ပြီး မုံရွာမြို့နှင့်အနီးအနားမြို့နယ်များမှ တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

"တိုင်ကြားစာ ၆၀ ကို ဖြေရှင်းပြီးပါပြီ။ တိုင်ကြားစာပါ အကြောင်းအရာများအရ တရားစီရင်ရေးကို မကျေနပ်လို့ တိုင်တာတွေ များပါတယ်။" ဟု တရားစီရင်ရေးနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့( စစ်ကိုင်းတိုင်း) မှ အဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသန့်ဇင်က ပြောသည်။

ယင်းသို့တိုင်ကြားစာများတွင် တရားရုံး၏ တရားစီရင်ရေးကိုမကျေနပ်၍တိုင်ကြားခြင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို မကျေနပ်၍ တိုင်ကြားခြင်း၊ စသဖြင့် ပါဝင်ကြပြီး တရားရုံးကိစ္စ၊ မြေယာအငြင်းပွားမှု၊ အမွေကိစ္စ၊ တို့အားဖြေရှင်းပေး၍မရသဖြင့် တိုင်ကြားသူများအား လမ်းညွှန်ပေးရကြောင်း ဆက်လက်ပြောကြားသည်။

" ဥပမာ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီးတိုင်ကြားလာတာမျိုးဆိုရင် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး က တဆင့် အောက်ခြေအဆင့်ဆင့်ကို ဆက်သွယ်ဖြေရှင်းပေးတယ်။   ဖြေရှင်းလို့မရတဲ့ကိစ္စတွေအတွက် ဖြေရှင်းရမယ့်နေရာတွေကို လမ်းညွှန်ပေးလိုက်တယ်။" ဟု တရားစီရင်ရေးနှင့်တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(စစ်ကိုင်းတိုင်း) မှ အဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသန့်ဇင်က ပြောသည်။

တိုင်ကြားစာ ၁၀၀ ကျော်အနက် ယခုလက်ရှိတွင်လည်း တိုင်ကြားစာပေါင်း ၆၀ ခန့် ဖြေရှင်းပေးရန် ကျန်ရှိနေကြောင်း၊  မည်သူမဆို တရားမျှတမှုမရှိသောဖြစ်စဉ်များနှင့် ကြံုတွေ့လာပါက တိုင်ကြားနိုင်ကြာင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တရားစီရင်ရေးနှင့်တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အား ဝန်ထမ်း(၅)ဦးနှင့် အရက်ဖက်(၃)ဦးတို့ပါဝင်သော အဖွဲ့ဝင် (၈)ဦးဖြင့် ၂၀၁၇ ခုနှစ်၊ မေ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly