နိုဝင်ဘာ ၆ ။ ။ ရုရှနိုင်ငံမှာ သမ္မတ ဗလာဒီမာပူတင်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအတွင်း အာဏာပိုင်တွေက လူပေါင်း ၄၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီဖြစ်ကာ နိုင်ငံတစ်ဝှမ်း လုံခြံုရေးတင်းကျပ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အတိုက်အခံ နိုင်ငံရေးသမား ယာချီစလက်ဗ် မော့ဆက်ဗ်က နိုင်ငံတစ်ဝှမ်း ပူတင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တစ်ပြိုင်နက်ပြုလုပ်ကြဖို့ ၎င်းရဲ့ ၀က်ဆိုဒ်ကနေတဆင့် တိုက်တွန်းခဲ့ပြီးနောက် ယခုလို တရားဝင်ခွင့်ပြုချက်မရှိတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
နိုင်ငံမှာ ပူတင်ရဲ့ နိုင်လိုမင်းထက်အုပ်ချုပ်မှု အဆုံးသတ်ရေး ပြည်သူ့တော်လှန်ရေး ဆင်နွှဲဖို့ ရုရှ အတိုက်အခံ ယာချီစလက်ဗ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ယခုအခါ ယင်းနိုင်ငံရဲ့ နိုင်ငံရေးဆန္ဒပြမှုတွေကို အစဉ်တစိုက် စောင့်ကြည့်လေ့လာနေခဲ့တဲ့ OVD-Info အဖွဲ့ရဲ့ ထုတ်ဖော်ပြောကြားမှုအရ ဆန္ဒပြမှုတွေကြောင့် မြို့တော် မော်စကိုမှာ လူပေါင်း ၃၇၆ ဦး၊ စိန့်ပီတာစဘာ့ဂ်မြို့မှာ ၁၃ ဦးတို့အပါအဝင် နိုင်ငံတစ်ဝန်း လူပေါင်း ၄၁၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရလျက်ရှိကြောင်း ပြောပါတယ်။
ဒ့ါအပြင် ၎င်းဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ရုရှအစိုးရရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ကြောရေးဝင်နေလျက်ရှိကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ပြောကြားပါတယ်။
မော်စကို ရဲတပ်ဖွဲ့က ပြောကြားရာမှာတော့ ၎င်းတို့အနေနဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်ဥပဒေတွေကို ဖောက်ဖျက်ခဲ့တဲ့ လူပေါင်း ၂၆၃ ဦးကိုသာ ထိန်းသိမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူအများစု ဓားတွေ၊ ရာဘာသေနတ်တွေ ကိုင်ဆောင်ထားသူတွေဖြစ်တယ်လို့ TASS သတင်းအေဂျင်စီက ဖော်ပြပါတယ်။
ယခုအခါမှာတော့ မြို့တော် မော်စကိုမှာ ရဲများအပြင် စစ်တပ်ကိုပါ ချထားလိုက်ပြီး ကရင်မလင်အနီးအနားတစ်ဝိုက်ကိုလည်း ပိတ်သိမ်းထားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။