အက်စ်တာနာ၊ ကာဇတ်စတန်၊ နိုဝင်ဘာ ၁ ။ ။ ရုရှား၊ တူရကီနှင့် အီရန်တို့သည် ကာဇတ်စတန်၌ကျင်းပခဲ့သော ထိပ်သီးစည်းဝေးပွဲ၌ ငြိမ်းချမ်းရေးကြိုးပမ်းချက် များကို အားပေးသည့်အနေဖြင့် ဆီးရီးယားအစိုးရနှင့် ၄င်း၏အတိုက်အခံများကြားတွင် ညီလာခံတစ်ရပ်ကျင်းပ နိုင်အောင် လုပ်ဆောင်ပေးရန် အင်္ဂါနေ့က ကတိပြုခဲ့ကြသည်။
ဆီးရီးယားအစိုးရကိုထောက်ခံသော ရုရှား၊အီရန်နှင့် သူပုန်များကိုထောက်ခံသော တူရကီတို့ဘက်မှ ထုတ်ပြန် လိုက်သော ပူးပေါင်းကြေညာချက်ထဲ၌ ရုရှားအစိုးရ၏ ပဏာမခြေလှမ်းအတိုင်း ဆီးရီးယားအစိုးရကိုယ်စားလှယ် များနှင့် အတိုက်အခံအဖွဲ့များတက်ရောက်နိုင်မည့် ညီလာခံတစ်ခုကိုကျင်းပရန် သဘောတူညီခဲ့ကြသည်။
လာမည့်နို၀င်ဘာလ ၁၈ရက်နေ့တွင် ရုရှားနိုင်ငံဆိုချီမြို့၌ကျင်းပမည့် ဆီးရီးယားအမျိုးသားညီလာခံ အပြန် အလှန်ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆီးရီးယားအဖွဲ့အစည်း ၃၃ ဖွဲ့ကို ဖိတ်ကြားထားကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်၌ အင်္ဂါနေ့က ဖော်ပြထားသည်။
ယခုလိုညီလာခံကျင်းပနိုင်ရေးသည် ကာဇတ်စတန်နိုင်ငံ အက်စ်တာနာမြို့၌ကျင်းပသည့် ခုနှစ်ကြိမ်မြောက် ဆီးရီးယားအရေးဆွေးနွေးပွဲ၏ ရလာဒ်တစ်ခုဖြစ်ပြီး မော်စကိုအစိုးရ၏ ကြိုးပမ်းချက်ကို သိသာထင်ရှားစေသည်။
သို့သော်လည်း အက်စ်တာနာရှိ ဆီးရီးယားအတိုက်အခံအဖွဲ့မှ ကိုယ်စားလှယ်များသည် အဆိုပါအစီအစဉ်နှင့် ပက်သက်၍ သံသယပွားလျက်ရှိသည်။