ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း ပထမဆုံးအကြိမ် ဗိုလ်စွဲ

ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း ပထမဆုံးအကြိမ် ဗိုလ်စွဲ

အောက်တိုဘာ ၂၉၊ အိန္ဒိယ ။            ။ အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၇ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ၌ အင်္ဂလန်အသင်းသည် စပိန်အသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်လာခဲ့သည်။

စပိန်အသင်းအတွက် ဂိုမက်ဇ်က ဦးဆောင်ဂိုး ၂ ဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း အင်္ဂလန်တိုက်စစ်မှူး ဘရူစတာက ၄၄ မိနစ်တွင် ပထမချေပဂိုး၊ ဂစ်ဝှိုက်က ၅၈ မိနစ်တွင် ဒုတိယချေပဂိုးသွင်းယူပေးခဲ့သည်။ ထို့နောက် ဖီးလ်ဖိုဒန်က ၆၉ မိနစ်နှင့် ၈၈ မိနစ်တွင် အနိုင်ဂိုး ၂ဂိုး၊ ဂူဟီက ၈၄ မိနစ်တွင် အနိုင်ဂိုး ၁ ဂိုးထပ်မံသွင်းယူပေးခဲ့သည့်အတွက် အင်္ဂလန်တို့ စပိန်ကို ၅-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

အင်္ဂလန်အသင်းသည် ယခုပြိုင်ပွဲတွင် အုပ်စုတွင်း၌ ချီလီ၊ အီရတ်၊ မက္ကဆီကိုတို့နှင့် တွေ့ဆုံခဲ့ပြီး သုံးပွဲစလုံးအနိုင်ရခဲ့သည်။ ထို့နောက် ရှုံးထွက်အဆင့်များတွင် ဂျပန်၊ အမေရိကန်၊ ဘရာဇီးတို့ကို ဖြတ်ကျော်ခဲ့ပြီး ဗိုလ်လုပွဲတွင် စပိန်ကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်တိုက်စစ်မှူး ဘရူစတာမှာ ယခုပြိုင်ပွဲတွင် ၉ ဂိုးအထိသွင်းယူပေးခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် အနိုင်ဂိုး ၂ ဂိုးသွင်းပေးခဲ့သည့် အင်္ဂလန်ကွင်းလယ်လူဖိုဒန်မှာ အကောင်းဆုံးဘောလုံးသမားဆု(ရွှေဘောလုံး)ဆုကို ရခဲ့သည်။ အကောင်းဆုံးဂိုးသမားဆုကိုမူ ဘရာဇီးဂိုးသမား ဘရာဇာအိုက ရရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း အင်္ဂလန်ယူ-၂၀ အသင်းမှာလည်း ယူ-၂၀ ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly