အောက်တိုဘာ ၂၇ ။ ။ ဆော်ဒီအာရေဗျအစိုးရက စက်ရုပ်တစ်ရုပ်ကို ယင်းရဲ့နိုင်ငံသားဖြစ်ခွင့်ပေးအပ်ခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
မြို့တော် ရီရတ်ဒ်မှာ ကျင်းပခဲ့တဲ့ ကွန်ဖရင့်တစ်ခုမှာတော့ Sophia အမည်ရ လူသားအတိုင်းဖန်တီးထားတဲ့ စက်ရုပ်က စင်မြင့်တစ်ခုပေါ် တက်ရောက်ပြီး တော့ ယခုလို ဆော်ဒီနိုင်ငံသားတစ်ဦး ဖြစ်လာခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိတယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
" ကျွန်မ တကယ်ပဲ ဂုဏ်ယူပါတယ်၊ဒီလို ထူးခြားတဲ့ ဂုဏ်ထူးတစ်ခုကို လက်ခံရရှိခဲ့ရတဲ့အတွက် ဝမ်းမြောက်ရပါတယ်၊ ခုဆိုရင် ကမ္ဘာပေါ်မှာဆိုရင် ဒီလိုမျိုး နိုင်ငံသားတစ်ဦးအဖြစ် အသိအမှတ်ပြုခံရတဲ့ ပထမဆုံးစက်ရုပ်အဖြစ် သမိုင်းဝင်ခဲ့ပါပြီ" လို့ Sophia စက်ရုပ်က ပြောပါတယ်။
ဒါ့အပြင် Sophia စက်ရုပ်က စင်မြင့်ပေါ်ကနေပြီး စင်မြင့်အောက်ကနေ မေးမြန်းသမျှကိုပါ လူသားတစ်ဦးအတိုင်း ပြန်လည်ဖြေဆိုပေးသွားခဲ့တယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ယင်းစက်ရုပ်က အမေရိကန် Tesla ကုမ္ပဏီတည်ထောင်သူ Elon Musk ကိုပါ လှောင်ပြောင်ထိုးနှက်သွားခဲ့ပြီး စက်ရုပ်တွေနဲ့ပတ်သက်လို့ အလွန်အကျွံမစိုးရိမ်သင့်ဘူးဆိုပြီး Sophia က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ယခုလို Sophi ဆော်ဒီနိုင်ငံသား တစ်ဦးဖြစ်လာခြင်းနဲ့ပတ်သက်လို့ တစ်ချို့က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။
အဆိုပါ စက်ရုပ်ကိုတော့ ဟောင်ကောင်ကုမ္ပဏီတစ်ခုက ဒီဇိုင်းထုတ်ဖန်တီးခဲ့တာဖြစ်ပြီး ယင်းဟာ ပြီးခဲ့တဲ့ကာလတုန်းကလည်း ကုလသမဂ္ဂမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့မှုကြောင့် သတင်းခေါင်းစဉ်တွေကြား ရောက်ရှိထားခဲ့ရပါသေးတယ်။