အောက်တိုဘာ ၂၄ ။ ။ ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော် ဟိုတယ် ACE အတွင်း တွေ့ရှိရသော သေနတ်ဒင်အတွင်း သိမ်းဆည်းထားသော ICE မူးယစ်ဆေးဝါးများ ထပ်တွေ့ရှိခဲ့သည်ဟု သိရသည်။
အောက်တိုဘာလ ၂၃ ရက်တွင် ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ဟိုတယ် ACE အတွင်း မြင်းခြံဘေးရှိ မြင်းတင်သော နောက်တွဲထော်လီ အတွင်း တွေ့ရှိထားသည့် M-16 RANIERARMS စာတန်းပါ( သေနတ်နံပါတ် မပါ) ဒင်နောက်ပိုင်းဘက္ထရီထည့်သည့် အပေါက်အတွင်းမှ ICE (၃.၀၅)ဂရမ် တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဒက္ခိဏမြို့မရဲစခန်း(ပ)၃၉၆/၂၀၁၇ လက်နက် (ယာယီ) ပြင်ဆင်ချက်ဥပဒေ ပုဒ်မ ၁၉-က အမှုဖြင့် မယ(ပ) ၄/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ဆက်လက်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက် လယ်ဝေးမြို့နယ် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိခဲ့ရာမှ သေနတ် ၂၁ လက်အပါအဝင် ဆက်စပ် ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ ဒရုန်းများ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်ဆေးဝါးမှု ၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲဆိုထားပြီး မယ(ပ)၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/ ၂၁ အမှုဖြင့် ယခင်က စွဲဆိုထားခြင်း ဖြစ်သည်။