မြန်မာအမျိုးသမီး ဓာတ်ပုံဆရာ ခုနှစ်ဦး ၏ ဇာတ်လမ်းဓာတ်ပုံများ မိတ်ဆက်ပွဲ ပြုလုပ်

မြန်မာအမျိုးသမီး ဓာတ်ပုံဆရာ ခုနှစ်ဦး ၏ ဇာတ်လမ်းဓာတ်ပုံများ မိတ်ဆက်ပွဲ ပြုလုပ်

 

အောက်တိုဘာလ ၁၄ ၊ ရန်ကုန် ။                      ။ မြန်မာအမျိုးသမီး ဓာတ်ပုံဆရာ ခုနှစ်ဦး ဖွဲ့စည်းထားသည့် Thuma Collective (သူမ)အဖွဲ့ရိုက်ကူးထားသော ဇာတ်လမ်းဓာတ်ပုံများ မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၃ ရက်က ရန်ကုန်မြို့ မြန်မာဒိဌခန်းမတွင် ပြုလုပ်ခဲ့သည်။

ပတ်ဝန်းကျင်တွင်  ဖြစ်ပျက်နေသည့် အကြောင်းအရာများ၊ ဇာတ်လမ်းများနှင့် လူမှုပေါင်းစုံတို့၏ ဘဝအမြင်များကို အမျိုးသမီးများ၏ အမြင်ရှုထောင့်မှ တင်ဆက်သည့် အလေ့အထ မြှင့်တင်ပေးနိုင်ရန်နှင့် ဓာတ်ပုံပညာ စိတ်ဝင်စားသည့် အမျိုးသမီးများ အနေဖြင့် မိမိတို့ ပြောပြချင်သည့် ဇာတ်လမ်းများကို ဓာတ်ပုံကတဆင့် ပုံဖော်သွားနိုင်ရန် ရည်ရွယ်ပြီး Thuma Collective ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

" ကျွန်မတို့ Thuma Collective အဖွဲ့အနေနဲ့ အမျိုးသမီးဓာတ်ပုံဆရာများ အသင်းကို လုပ်နေပါတယ်၊ ကျောင်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေက ဓာတ်ပုံကို အသုံးချပြီးတော့ ရပ်ရွာအကျိုးပြု တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင် ကျွန်မတို့ကို အကူအညီတောင်းရင် သင်တန်းပေးဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ သူမအဖွဲ့ အဖွဲ့ဝင်တွေကလည်း ရေရှည် စီမံကိန်းတွေ လုပ်နေတယ်၊ အဲဒါကို နောက်နှစ်မှာ ချပြမှာပါ " ဟု သူမအဖွဲ့မှ မယုယုမြင့်သန်းက ပြောပါသည်။

Thuma Collective အဖွဲ့၏ အမျိုးသမီးဓာတ်ပုံဆရာများ အသင်း၌ လစဉ် တစ်လ၏ တတိယအပတ် စနေနေ့ ညနေပိုင်းတွင် အမျိုးသမီးဓာတ်ပုံဝါသနာရှင်များ စုစည်းပြီး စကားဝိုင်း ပြုလုပ်ပေးနေသည်။ ထိုစကားဝိုင်းထဲတွင် အမျိုးသမီးများသာမက မိမိကိုယ်ကို အမျိုးသမီးဟု ခံယူထားသည့် လိင်စိတ်ခံယူမှု ကွဲပြားသူများပါ လာရောက်ဆွေးနွေးနိုင်ကြောင်း သူမအဖွဲ့မှ  မခင်ကြည်ထက်က ပြောသည်။

မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေသူများနှင့် ဓာတ်ပုံသတင်းထောက် အမျိုးသမီး ခုနှစ်ဦးတို့ ပါဝင်ဖွဲ့စည်းခဲ့သည့် Thuma Collective အဖွဲ့သည် အဖွဲ့မိတ်ဆက်ပွဲ၌ ဂိမ်းဆိုင်မှ ဂိမ်းဆော့နေသူများ အကြောင်း၊ အသက်ကြီးရင့်သွားသည့် အနုပညာရှင်များ နားခိုရာနေရာ အမေများအဖွဲ့ အိမ်အကြောင်း၊ လိင်အလုပ်သမများ၏ ဘဝအကြောင်း၊ ကာယလုပ်သား အမျိုးသမီးများအကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှု စသည်များကို ဇာတ်လမ်းဓာတ်ပုံအဖြစ် ပုံဖော်ရိုက်ကူးခဲ့သည်များကို မိတ်ဆက်ပြသသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly