ရန်ကုန်၊ အောက်တိုဘာ ၁၃ ။ ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့်အခမ်းအနားသို့ တတ်ရောက်ရန် ညီညွှတ် သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များသို့ အစိုးရဘက်မှဖိတ်ကြားထားသော်လည်း ၎င်းတို့အနေဖြင့် တတ်ရောက် ရန် တရားဝင်ဆုံးဖြတ်ချက်မချရသေး ကြောင်း UNFC ဗဟိုကော်မတီဝင် ဦးထွန်းဇော်ကပြောသည်။
ညီညွှတ် သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့်ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။
“ လောလောဆယ်အထိတော့ တရားဝင်ဆုံးဖြတ်ချက်မချရသေးဘူးဗျ ။ UNFC ရဲ့ဗဟိုအလုပ်မှုဆောင်ကော်မတီထဲမှာဆွေးနွေးရပါဦးမယ်" ဟု ဦးထွန်းဇော်ကပြောသည်။
အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ UNFC သို့ အောက်တိုဘာ ၁၁ ရက်နေ့ညပိုင်းက ဖိတ်စာပေး ပို့ခဲ့ခြင်းဖြစ် ပြီး လက်ရှိတွင်အဆိုပါဖိတ်စာကို သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့များထံပြန်လည်ပေးပို့ထားကြောင်းလည်း ၎င်းကဆက်လက်ပြောဆိုသည်။
NCA လက်မှတ်ရေးထိုးခြင်း၂ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ၁ တွင် ကျင်းပမည်ဖြစ် ပြီး အစိုးရနှင့် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့က ပူးပေါင်းစီစဉ် ခြင်းလည်းဖြစ်သည်။
အဆိုပါ အခမ်းအနားကို တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အချို့အပါအဝင် NCA လက်မှတ်မထိုးရသေး သည့် ညီညွှတ် သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များကိုပါဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
UNFC အဖွဲ့ဝင်များသည် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော်လည်း တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်မှု နည်းပါးသောအဖွဲ့များ လည်းဖြစ်သည်။