ရှစ်လေးလုံး အရေးတော်ပုံ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ်ရော၊ ၈၈၈၈ အကြောင်း လူငယ်များ သိစေချင်သည့် ရည်ရွယ်ချက်ဖြင့် ဇာတိမာန်ကလေးသတင်းစာကို မန္တလေးမြို့ရှိ နေရာ ၄ နေရာတွင် ဩဂုတ်လ ၈ ရက်က အခမဲ့ ထုတ်ဝေဖြန့်ချိခဲ့သည်။
ဇာတိမာန်လူငယ်စာဖတ်အသင်းမှ ကြီးမှူးထုတ်ဝေသော ဇာတိမာန်သတင်းစာကို နေရာ ၄ နေရာဖြစ်သော ရတနာပုံတက္ကသိုလ်၊ ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ နှစ်(၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ် လူထုအခမ်းအနား၊ ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့် အထိမ်းအမှတ် သုတမျှဝေပွဲတော် နှင့် ထွန်းဦးစာပေ တို့တွင် သတင်းစာ အစောင်ရေ ၂၀၀၀ ကျော် အခမဲ့ ဖြန့်ဝေပေးထားသည်။
'' ရှစ်လေးလုံး အရေးတော်ပုံ ဘယ်လိုဖြစ်လာတယ်၊ ဘာကြောင့်ဖြစ်လာတယ်ဆိုတာ ယနေ့ခေတ် လူငယ်တွေ သိစေချင်လို့ အခုလို ထုတ်ဝေတာပါ၊ သတင်းစာ အစောင်ရေ ၂၀၀၀ ထုတ်ဝေတာပါ၊ ဒီကလေးသတင်းစာမှ ရှစ်လေးလုံး အကြောင်း အဓိက ဖော်ပြထားမှာဖြစ်ပါတယ် '' ဟု ဇာတိမာန် ကလေးသတင်းစာ ထုတ်ဝေသူ ဦးလှမင်းဦးက ပြောသည်။
ဇာတိမာန် လူငယ်စာဖတ်အသင်းက ကြီးမှူး၍ ရှစ်လေးလုံးအရေးတော်ပုံ နှစ်၃၀ပြည့် အထိမ်းအမှတ် သုတမျှဝေ ပွဲတော်ကို သြဂုတ်(၈)ရက် ညနေ(၄)နာရီတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သီရိမာလာအနောက် ရွှေလောင်းညွန်ရပ် (၂၆)လမ်း နှင့် (၉၂)လမ်းထောင့်ရှိ သစ္စာရဓမ္မာရုံ၌ ကျင်းပခဲ့ပြီး လာရောက်သည် ကလေးငယ် တစ်ဦးလျှင် စာအုပ်တစ်အုပ်၊ ကလေးသတင်းစာတစ်စောင် နှင့် မုန့်များ ပေးဝေခဲ့သည်။
ဇာတိမာန်လူငယ်စာဖတ်အသင်းက ကြီးမှူး၍ ဖွင့်လှစ်ခဲ့သော နွေရာသီအခမဲ့ ကလေးသတင်းစာသင်တန်းက ကလေးငယ်၏ လက်ရာများဖြင့် ဇာတိမာန် ကလေးသတင်းစာကို (၂၀၁၅)ခုနှစ်မှစတင်၍ အခမဲ့ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်များတွင် ထုတ်ဝေလျက်ရှိကြောင်း သိရသည်။