တိုကျို၊ ဇူလိုင် ၂၁ ။ ။ ဂျပန်နိုင်ငံမှာ အပူချိန်မြင့်တက်မှုကြောင့် သေဆုံးသူ ပိုမိုများပြားနေချိန်မှာပဲ ဇူလိုင် ၂၀ ရက်မှာ အပူချိန်ဟာ ၄၀ ဒီဂရီအထိ မြင့်တက်ဖို့ ရှိနေပါတယ်။
အပူရှပ်ခြင်းလို ရောဂါလက္ခဏာတွေကြောင့် ဆေးရုံတက်ရောက်လာသူတွေဟာလည်း ဇူလိုင် ၂၀ ရက်မှာ အတော်လေးများလာကြောင်း NHK သတင်းဌာနက ဖော်ပြပါတယ်။
ဇူလိုင် ၁၉ ရက်မှာ ဆယ်ဦး ထပ်ပြီး သေဆုံးခဲ့တာကြောင့် သေဆုံးသူဦးရေဟာ ၃၀ အထိ ရှိနေပါပြီ။
နိုင်ငံအလယ်ပိုင်းက တစ်ချို့ဧရိယာတွေမှာ အပူချိန်ဟာ ၄၀ ဒီဂရီအထိ စံချိန်တင်မြင့်တက်နေကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂၀ ရက်မှာ အပူချိန်ဟာ ၃၀ ဒီဂရီအထက် အနည်းငယ်ကျော်လွန်နေပြီး လာမယ့်ရက်အနည်းငယ်အထိ အပူလှိုင်းဆက်လက်ဖြစ်ပေါ်နေဖို့ ရှိနေပါတယ်။
အပူချိန် ၄၀ ဒီဂရီအထိ မြင့်တက်တာကြောင့် အရေးပေါ်ဖုန်းခေါ်ဆိုမှုပေါင်း သုံးထောင်ကျော်ထက်မနည်းရှိနေတာကို ကယ်ဆယ်ရေးအဖွဲ့တွေက ဖြေရှင်းပေးနေရပြီး ဆေးရုံတင်ပို့ပေးခဲ့ရသူပေါင်း ၃၁၇ ဦးအထိ ရှိခဲ့ကြောင်း တိုကျိုမီးသတ်ဌာနက ကြေညာထားပါတယ်။
နိုင်ငံရဲ့ အနောက်ပိုင်းမှာတော့ ဇူလိုင်လအစက စတင်တဲ့ မိုးသည်းထန်မှုကြောင့် ရေကြီးမြေပြိုမှုတွေ ရင်ဆိုင်ကြုံတွေ့ခဲ့တဲ့ ဘေးဒဏ်ကို ခံစားနေရဆဲ အချိန်လည်း ဖြစ်ပါတယ်။
ခုလိုအပူချိန် မြင့်မားတာကြောင့် တိုကျိုက ဟာနီဒါလေဆိပ်မှာ လေယာဉ်ပြေးလမ်းတစ်လမ်း ကတ္တရာပျော်ဝင်မှုဖြစ်ပြီး ပျံသန်းမှု ခရီးစဉ် နှောင့်နှေးမှုတစ်ချို့ ဖြစ်ခဲ့ကြောင်း ဂျပန်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။