ရန်ကုန် ၊ ဇူလိုင် ၂၀ ။ ။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး မုတ်သုံလေ အလွန်အားကောင်းနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ယင်းအပြင် တစ်ပြည်လုံး နေရာအနှံ့အပြား မိုးရွာသွန်းမည်ဖြစ်ပြီး ဧရာဝတီ ၊ ရခိုင် ၊ ကရင် ၊ မွန်တို့တွင် ဒေသအလိုက် နေပြည်တော် ၊ စစ်ကိုင်း ၊ မန္တလေး၊ မကွေး ၊ ပဲခူး ၊ ရန်ကုန် ၊ တနင်္သာရီ တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြစ်ရေအခြေအနေနှင့် ပတ်သက်ပြီး ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့အနီး၌ ၁၃၂၂ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် (၁၃၄၂) သို့ ရောက်ရန် ၂၀ စင်တီမီတာ(၈ လက်မ) သာ လိုတော့သည်။
စစ်တောင်းမြစ်ရေသည် ပဲခူးမြို့အနီး၌ ၈၄၆ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်(၈၈၀) သို့ ရောက်ရှိရန် ၃၄ စင်တီမီတာ (၁၃ လက်မ) သာ လိုတော့သည်။
တနင်္သာရီမြို့တွင်လည်း မိုးရွာသွန်းမှု လွန်ကဲခြင်းကြောင့် ရေကြီးနစ်မြှုပ်မှုများ ဖြစ်နေပြီး ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ၂၆ ပေ(၇၉၂ စင်တီမီတာ) အထိ ရောက်ရှိနေသည်ဟု တနင်္သာရီမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ဆိုသည်။