ဇူလိုင်လ ၁၈ ။ ။ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ရန်ရှိသည့် Pilot ပရောဂျက်များနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံမှ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ဇူလိုင်လ ၁၇ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဇူလိုင်လ ၁၇ ရက်က နေပြည်တော်တွင် ထိုင်းနိုင်ငံ၊ IBERD ( Institute of Business Economics Research and Development ) ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Sathit Linpongpan အား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း Pilot (ရှေ့ပြေး) ပရောဂျက်များအဖြစ် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်း၊ ငါးမွေးမြူရေး၊ ပင်လယ်စာနှင့် အအေးခန်းလုပ်ငန်း၊ စဉ်ဆက်မပြတ်ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှု လုပ်ငန်း၊ E-wallet အသုံးပြုငွေလွှဲဝန်ဆောင်မှုကဏ္ဍများ လုပ်ဆောင်မည် ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းများတွင် လူ့စွမ်းအားအရင်းမြစ်များ တိုးတက်ရေးတို့ပါ ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ် ပြည်လည်ထူထောင်ရေးကိစ္စရပ်များတွင် UEHRD ဒုဥက္ကဋ္ဌအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆောင်ရွက်နေ သည်။
ရခိုင်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် စပါး၊ ဂျင်း စိုက်ပျိုးရေး၊ ငါး၊ ပုဇွန်မွေးမြူရေး၊ အထည်ချုပ် လုပ်ငန်းများ လုပ်ကိုင်နေပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောခရိုင်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သောကြောင့် လက်ရှိတွင် အစိုးရက အဆိုပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။