ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့အသက်အရွယ် ကစားသမားများနဲ့ “ကွဲပြားခြားနားတဲ့” ကစားသမားတစ်ဦးဖြစ်ပြီး ဒီအသက်အရွယ်အရ မြောက်များတဲ့ ငွေကြေးပမာဏနဲ့ တရုတ် သို့မဟုတ် ကာတာနိုင်ငံတွေဆီ ပြောင်းရွှေ့သွားကြမှာဖြစ်တယ်လို့ ဂျူဗီတပ်စ်ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်တဲ့ အခမ်းအနားမှာ ပြောဆိုသွားသလို သူ့ရဲ့ အသင်းသစ်ကို ချန်ပီယံလိဂ်အောင်မြင်မှု ရယူပေးသွားဖို့ ကူညီပေးချင်တယ်လို့ ဆိုပါတယ်။
စီရော်နယ်လ်ဒိုဟာ သတင်းများအရ ပြောင်းရွှေ့ကြေး ယူရို ၁၁၂ သန်း (ဒေါ်လာသန်း ၁၃၁) ဖြင့် ဂျူဗီတပ်စ်အသင်းနဲ့ ၄ နှစ် စာချုပ်ခဲ့ပြီး တစ်နှစ်လုပ်ခလစာ ယူရို ၃၁ သန်း ဝင်ငွေရရှိမှာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုက သူဟာ “ဒီနေရာမှာ အားလပ်ရက်”အနေနဲ့ လာရောက်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျနော်ဟာ တခြားကစားသမားတွေနဲ့ ကွဲပြားခြားနားတဲ့ ကစားသမားတစ်ယောက်ပါ။ သူတို့ဟာ ကျနော်အသက်အရွယ်ရောက်လာချိန်မှာ သူတို့ရဲ့ ကစားသမားဘဝ ကုန်ဆုံးလာပြီလို့ ထင်ကြပါတယ်။”လို့ အသက် ၃၃ နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်းဆောင်က ပြောပါတယ်။
“တခြား ကစားသမားတွေလို မဟုတ်ပါဘူး။ ကျနော်ဟာ ကွဲပြားခြားနားတယ်ဆိုတာ ပြသချင်ပါတယ်။”
“ကျနော့်အသက်အရွယ် ကစားသမားတွေဟာ တရုတ် ဒါမှမဟုတ် ကာတာကလပ်တွေကို သွားရောက်ကစားကြမှာပါ။ ဒီလို အရေးပါလှတဲ့ ကလပ်မျိုးကို ရောက်ရှိလာတာဟာ ဒီအခြေအနေမှာ ကျနော်ကစားသမားဘဝအတွက် အလွန်ပျော်ရွှင်စရာပါပဲ။”
Ballon d'Or ကမ္ဘာ့အကောင်းဆုံးဆု (၅)ကြိမ်ရ ကစားသမားက ကျနော် ဘာလဲဆိုတာတော့ ပြသနေဖို့ မလိုအပ်ဖူးလို့ သူ့ရဲ့ ထုံစံအတိုင်း ကိုယ့်ကိုကိုယ် ယုံကြည့်ချက်အပြည့်နဲ့ ကမ္ဘာ့တစ်လွှားက မီဒီယာသမားတွေ ရှေ့မှာ ပြောဆိုသွားခဲ့တာပါ။
“ကျနော့်ရဲ့ အချက်အလက်တွေကို ခင်ဗျားတို့ သိရှိထားပြီးသားပါပဲ။ ဒါပေမယ့် ကျနော်က အရမ်းကို ရည်မှန်းချက်ကြီးပြီး စိန်ခေါ်မှုတွေကို နှစ်သက်တဲ့ သူမျိုးပါ။”လို့ သူက ပြောပါတယ်။
“မန်ချက်စတာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေမှာ အောင်မြင်မှု သမိုင်းရေးထိုးခဲ့ပြီးတဲ့နောက်မှာ ကျနော်ရဲ့ သက်တောင့်သက်သာ နေရာမျိုးမှာ နေဖို့ မလိုချင်ပါဘူး။ ဂျူဗင်တပ်စ်အသင်းမှာ မှတ်ကျောက်တင်ချင်ပါတယ်။”
ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ ၈ ကြိမ်ဆက် စီးရီးအေချန်ပီယံဖြစ်ဖို့ ပြင်နေပြီး အိုးလေဒီတို့ဟာ ပြည်တွင်းအောင်မြင်မှုတွေကို ဥရောပဖလားတွေအဖြစ် ပြောင်းလဲချင်နေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၅ နဲ့ ၂၀၁၇ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ဘာစီလိုနာနဲ့ ရော်နယ်လ်ဒိုရဲ့ ကလပ်ဟောင်းကို ရှုံးနိမ့်ခဲ့ပြီး ၁၉၉၆ နောက်ပိုင်း ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာခဲ့ရတာ ခုချိန်ထိပါ။
ရော်နယ်လ်ဒိုဟာ လက်ရှိမှာ ချန်ပီယံလိဂ်မှာ တခြားကစားသမားတွေ လိုက်မမီနိုင်သေးတဲ့ ဂိုး ၁၂၀ စံချိန်မှတ်တမ်းတင်ထားပြီး ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ရယူထားရာ ၄ ကြိမ်ကတော့ ရီးယဲလ်အသင်းနဲ့ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့ဟာ ချန်ပီယံလိဂ်ဖလားအတွက်ပဲ တိုက်ပွဲဝင်သွားမှာ မဟုတ်ပဲ စီးရီးအေနဲ့ တခြားဆုဖလားတွေအတွက်လည်း ကြိုးစားရယူသွားမှာပါ။”
“ကျနော် အပြင်းအထန် ကြိုးစားသွားဖို့ လိုအပ်ပါတယ်။ ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူးလေ။ ဂျူဗင်တပ်စ်အသင်းကို ကူညီနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”လို့ သူက ပြောဆိုသွားပါတယ်။
(AFP)