မုံရွာ၊ ဇူလိုင် ၁၃။ ။ မုံရွာမြို့နယ်အတွင်းရှိ မြေသိမ်းခံတောင်သူများ စုပေါင်းကာ လယ်ယာမြေနှင့်အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီ(ဗဟို)မှ ချမှတ်ခဲ့သော မူဝါဒများအား ထောက်ခံကြိုဆိုပွဲကို ဇူလိုင် ၁၃ ရက်နေ့က ကျင်းပခဲ့ကြသည်။
၂၀၁၈ ခုနှစ် မတ်လအတွင်းက လယ်ယာမြေနှင့်အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီ(ဗဟို)၏ ထုတ်ပြန်ချက်များသည် မြေသိမ်းခံတောင်သူများအတွက် မြေပြန်လည်ရရှိရန် ကိုက်ညီနေသည့်အတွက် မုံရွာမြို့အတွင်း စီတန်းလှည့်လည်ကာ ထောက်ခံကြိုဆိုခြင်း ဖြစ်ကြောင်း သိရသည်။
"မတ်လ ၂၁ ရက်မှာ ဗဟိုမြေစစ်က မူဝါဒ ၅၂ ချက်ကို နိုင်ငံတော်အတိုင်ပင်ခံနဲ့သမ္မတကြီးဆီကို ပေးပို့တယ်။ သူတို့ကိုယ်တိုင်ကလည်း သဘောကျခဲ့တယ်။ ဒါ့ကြောင့်မို့ ပြည်ထောင်စုအစိုးရဆီကို ထပ်တင်ပြီးတော့ ချထားပေးခဲ့တယ်။ ဒီမူဝါဒတွေဟာ မြေသိမ်းခံတောင်သူတွေအတွက် ရောင်နီသန်းလာစေတယ်။" ဟု မုံရွာမြို့နယ်၊လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးညီပုက ရှင်းပြသည်။
ယင်းသို့ ကြိုဆိုထောက်ခံပွဲကို မုံရွာမြို့ရှိ မြေသိမ်းခံတောင်သူ ၁၀၀ ခန့်စုပေါင်းကာ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် မိန့်ခွန်းနှင့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်များကို ထောက်ခံကြိုဆိုကြောင်း မုံရွာမြို့အတွင်း လှည့်လည်ကြွေးကြော်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတကြီးကျန်းမာပါစေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကျန်းမာပါစေ၊ မြေစစ်မူဝါဒ ၅၂ ချက်အားထောက်ခံပါ၏၊ နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်ချက်(၄)ချက်အား ကြိုဆိုပါ၏၊ စသည့်တို့ကို ကြွေးကြော်ခဲ့ကြသည်။
"နိုင်ငံတော်သမ္မတကြီးက သိမ်းဆည်းမြေတွေ ပြန်လည်ပေးအပ်မယ်လို့ မိန့်ခွန်းပြောထားတယ်၊ ဒါ့ကြောင့်မို့ သမ္မတကြီးရဲ့ပြောကြားမှုကို အောက်ခြေဌာနဆိုင်ရာအဆင့်ဆင့်က လေးစားလိုက်နာဖို့ လှည့်လည်ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ်။" ဟု မအူကျေးရွာအုပ်စု၊ လင်းပိုးကျေးရွာမှ ဦးဝင်းအောင်ကပြောသည်။
ယင်းသို့ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့် မိန့်ခွန်းနှင့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်များကို ထောက်ခံကြိုဆိုပွဲအား မုံရွာမြို့ရှိ မအူကျေးရွာ၊ ဇလုပ်ကျေးရွာ၊ အိုးဘိုတောင်ရပ်ကွက်၊ အလုံရပ်ကွက် တို့မှ မြေသိမ်းခံတောင်သူများ ပါဝင်ခဲ့ကြသည်။