ဇူလိုင် ၁၂၊ မော်စကို။ ။ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းကို အနိုင်ရပြီး ခရိုအေးရှားအသင်း ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်သွားနိုင်ခဲ့ပြီးနောက်မှာ ပရိသတ်တွေဟာ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။
ခရိုအေးရှား ပရိသတ်တွေဟာ ဝမ်းသာလွန်းလို့ ငိုကြွေးခဲ့ကြသလို ပွေ့ဖက်အောင်ပွဲခံတာတွေ၊ သံချပ်တွေ သံပြိုင်သီဆိုတာတွေ၊ မီးရှူးမီးပန်းဖောက် အောင်ပွဲခံတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ခရိုအေးရှားအသင်းဟာ အချိန်ပို ဒုတိယပိုင်းမှာ မန်ဇူကစ်ရဲ့ဂိုးကြောင့် အင်္ဂလန်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ဇူလိုင် ၁၅ မှာ မော်စကိုမှာ ပြင်သစ်အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။
ခရိုအေးရှားပရိသတ်ထောင်ပေါင်းများစွာဟာ နိုင်ငံရဲ့အကြီးဆုံး ဇာဂရက်ရင်ပြင်မှာ ကြီးမားတဲ့ရုပ်သံမျက်နှာပြင်ကတစ်ဆင့် ဘောလုံးပွဲကို မိုးဖွဲတွေကြားကနေ အတူတကွ အားပေးခဲ့ကြတာပါ။
ပွဲပြီးသွားချိန်မှာတော့ ခရိုအေးရှားပရိသတ်တွေဟာ လမ်းမတွေပေါ်ထွက် အောင်ပွဲခံခဲ့ကြြ့ပီး လမ်းမတွေပေါ်မှာ ခရိုအေးရှား အလံတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။
ခရိုအေးရှားနဲ့ အင်္ဂလန်တို့ပွဲစဉ်မှာ အင်္ဂလန်အသင်းက ပွဲချိန် ၅ မိနစ်ကတည်းက ထရစ်ပီယာရဲ့ ဖရီးကစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် ၆၈ မိနစ်မှာ ပါရီဆစ်က ခေါင်းတိုက်ချေပဂိုးသွင်းခဲ့ပြီး ၁၀၉ မိနစ်မှာ မန်ဇူကစ်က အနီးကပ် အနိုင်ဂိုးသွင်းခဲ့လို့ ခရိုအေးရှားတို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
လူဦးရေ ၄ ဒသမ ၁၇ သန်းသာရှိတဲ့ ခရိုအေးရှားအသင်းအနေနဲ့ ၁၉၅၀ ပြိုင်ပွဲတုန်းက ဥရုဂွေးအသင်းနောက်ပိုင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့ အငယ်ဆုံးနိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားတတိယလုပွဲကို ဇူလိုင် ၁၄ မှာ ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်တို့ကစားမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၅ မှာ ပြင်သစ်နဲ့ ခရိုအေးရှားတို့ ကစားကြမှာပါ။
Ref; AFP