မေး ။ ။ မဇ္စျိမလှိုင်းအဖွဲ့သားလည်းဖြစ်ခဲ့တဲ့ ပန်းရဲ့လမ်းအဖွဲ့က ဦးရဲလွင် အခုဆုံးသွားပြီဆိုတော့ အဖွဲ့သားတစ်ယောက်အနေနဲ့ ခံစားချက်လေးပြောပေးပါဦး။
ဖြေ ။ ။ ပန်းရဲ့လမ်းက ကိုရဲလွင်ပေါ့။ တစ်ခါတစ်ခါတော့ ၀ိုင်းပြီးတော့ကူပေးတာပေါ့။ အဲ့ဒါပဲရှိတာ။ အရမ်းကိုကြေကွဲရတာပေါ့။ ၀မ်းနည်းရတာပေါ့။ စိတ်မကောင်းလည်းဖြစ်ရတာပေါ့။ ကိုရဲနဲ့ကတော့ နှစ်အကြာကြီးတွဲလာတာပေါ့။ နှစ်ပေါင်း ၃၊ ၄၀ လောက်။ အဲ့အတွက်စိတ်မကောင်းဖြစ်ရတာပေါ့။ ဆုံးပါးသွားတော့။ သူမဆုံးခင်တုန်းကတော့ ဆေးရုံကို ၃ ခေါက်လောက်ရောက်တယ်။သူကအခြေအနေက သိပ်ပြီးတိုးတက်မလာဘူးပေါ့လေ။ ဆရာဝန်ကလည်း ၃ လပဲခံမယ်လို့ပြောထားတာဆိုတော့ သူ့ကျန်းမာရေးကြောင့်လည်း စိတ်မကောင်းဖြစ်ရတာပေါ့။ သွားတော့ သွားတာပေါ့။
မေး ။ ။ သူနဲ့ဆရာတို့က နှစ်ပေါင်းအများကြီးလက်တွဲလာတာဆိုတော့ အမှတ်တရတွေများရှိခဲ့လား။
ဖြေ ။ ။ ကျွန်တော်တို့ အတူတူနေ၊ အတူတူလာ အမှတ်တရတွေကတော့အများကြီးပါပဲ။ သူ့သံစဉ်တွေကို စာသားတွေအများကြီး ကျွန်တော်ရေးပေးခဲ့တာပေါ့။ အဲ့ဒါတွေက တကယ့်အမှတ်တရပဲ။ နောက် အတူတူ နယ်ပွဲတွေလည်းသွားခဲ့တာပေ့ါ။ မဇ္စျိမလှိုင်းရှိတုန်းက ဒါငယ်ငယ်တုန်းကပေါ့။ အမှတ်ရစရာတွေတော့ အများကြီးပါပဲ။
မေး ။ ။ ဦးရဲလွင်ရဲ့ကွယ်လွန်သွားမှုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆုံးရှုံးမှုတစ်ခုလို့ပြောလို့ရနိုင်လား။
ဖြေ ။ ။ အင်းပေါ့။ ဆုံးရှုံးမှုတစ်ခုပေါ့။ အနုပညာ နယ်အတွက်လည်း ဆုံးရှုံးမှုတစ်ခုပေါ့။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက်လည်း ဒါဆုံးရှုံးမှုတစ်ခုဖြစ်မှာပါပဲပေါ့။
မေး ။ ။ ဆရာတို့ကြားထဲက အမှတ်တရ၊ ထူးထူးခြားခြားဖြစ်စဉ်ဆိုရင်ဘာရှိမလဲ။
ဖြေ ။ ။ သူဒီအိမ်ကို ဆေးရုံးမတက်ခင်တုန်းက ၃ လကျော်လောက် အိမ်မှာလာနေသွားသေးတာကိုး။ ထူးထူးခြားခြား ဖြစ်စဉ်ရယ်လို့တော့မဟုတ်ဘူးပေါ့။ ဖြစ်စဉ်တွေကတော့အများကြီးပဲပေါ့။ အတူတူ သီချင်းရေးခဲ့တယ်။ ငယ်ငယ် အတူတူလက်တွဲပြီးတော့ နေခဲ့ရတာပေါ့လေ။
မေး ။ ။ ဆရာ့အနေနဲ့ ကြားထဲကအမှတ်တရတစ်ခုပြောပြပါဆို ဘာဖြစ်မလဲ။
ဖြေ ။ ။ ဘာဖြစ်မလဲဆိုတော့ အတူတူခရီးသွားခဲ့တယ်။ အတူတူ သံစဉ်တွေ နေ့၊ ည အတူတူ ရေးခဲ့တယ်။ ငယ်ငယ်တုန်းက အဆောင်မှာသီချင်းတွေအတူတူသွားပြီးတော့ ဆိုဖြစ်တယ်ပေါ့။ အဆောင်တွေမှာလည်းဆိုဖြစ်တယ်ပေါ့။
မေး ။ ။ မဇ္စျိမလှိုင်းအဖွဲ့စဖြစ်ပြီး သူနဲ့လက်တွဲဖြစ်ပုံကို ပြန်ပြီး ပြောပြပေးပါလား။
ဖြေ ။ ။ ၁၉၇၆ ခုနှစ်မတိုင်ခင်ပေါ့။အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့တေးစီးရီးထွက်မယ်ဆိုတော့ သူနဲ့ကျွန်တော်နဲ့ အရင်ဆုံး စက်မှုတက္ကသိုလ်ထဲမှာ သီချင်းတွေတိုက်ကြတယ်။ တိုက်ပြီးတော့ သီချင်းသွင်းတာ။အဲ့ဒါကတော့အမှတ်တရပါပဲ။ သူနဲ့စပြီးလက်တွဲတာ။ မဇ္စျိမလှိုင်းမဖြစ်ခင်က အဲ့တုန်းက အီလက်ထရောနစ် မစ်ရှင်း ပေါ့။ ကိုစိုးပိုင်တို့တီးဝိုင်းနဲ့ သူ ဘေ့စ် တီးနေကတည်းက ကျွန်တော်နဲ့ခင်ပြီးသားပေါ့။ အတူတူအခွေထွက်ခဲ့တယ် “ အားလုံးကိုကျော်ဖြတ်ရမယ်” ။ နောက်မှ ကျွန်တော်က ကိုနေဝင်းဆိုပြီး ပြောင်းလိုက်တယ်။
မေး ။ ။ ဆရာတို့ မဇ္စျိမလှိုင်းအဖွဲ့အနေနဲ့ အခုလက်ရှိဘယ်လိုအခြေနေရှိနေတယ်ဆိုတာ ပရိတ်သတ်တွေ သိအောင်ပြောပြပေးပါဦး။
ဖြေ ။ ။ မဇ္စျိမလှိုင်းကတော့ ကိုခင်မောင်တိုး ဆုံးသွားပြီးတော့ ကိုမောင်မောင်ပေါ့။ ကိုမောင်မောင်အရင်ဆုံးတယ်။ အဲ့နောက်ပိုင်းမှာ ကိုခင်မောင်တိုးနဲ့ဆက်သွားတယ်။ ကိုခင်မောင်တိုး မရှိတဲ့နောက်ပိုင်းတော့ နယ်ပွဲတွေပဲ ဒီလိုပဲလိုက်ပြီးဆိုတာပေါ့လေ။ ကိုရဲလွင်ကတော့ အဲ့ဒီကတည်းကမလိုက်တော့ဘူး။ သူ့ကျန်းမာရေးအခြေအနေအရ နယ်ပွဲတွေမလိုက်ဘူး။ ကျွန်တော်ကတော့ လိုက်သွားတာပေါ့။ တစ်ဖြည်းဖြည်းနဲ့လူတွေက ဆုံးရှုံးလာတာ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးလာတဲ့ အဲ့ဒဏ်ကို အဲ့ဒီ့ဒဏ်ပေါ့လေ ၊ကျွန်တော်တို့ ၄ ယောက်ပေါ့လေ အမှတ်တရ ၄ယောက်ထဲမှာ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တာပေါ့။
မေး ။ ။ ဒီ ၄ယောက်အဖွဲ့မှာ ဆရာတစ်ယောက်ပဲကျန်ခဲ့တော့ အဖွဲ့သားတွေဆုံးရှုံးရတဲ့ပေါ် ဘယ်လို ခံစားချက်ဖြစ်လဲ။
ဖြေ ။ ။ အင်းပေါ့။ ကိုယ့်အဖွဲ့သားတွေ ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ၀မ်းနည်းရတယ်။ ကြေကွဲရတာပေါ့။ သတင်းကြားတဲ့အခါကျတော့လည်း ဘာမှ လုပ်နေကျအလုပ်တွေမလုပ်နိုင်ဘူးပေါ့။ ဆေးရုံတက်ကတည်းကပါပဲ၊ ခေါင်းထဲမှာ သူ့အကြောင်းပဲစဉ်းစားနေမိတာ။
မေး ။ ။ အဲ့တာနဲ့တစ်လက်ဆတည်းပေါ့။ ဆရာအနုပညာနဲ့ပတ်သက်ပြီးဘာတွေဆက်လုပ်ဖြစ်သေးလဲ။
ဖြေ ။ ။ အဲ့တာကတော့ တခြားပေါ့ US နေဝင်းတို့ ဆိုမယ့်သူတွေပေါ့။ တခြားပေါ့လေ၊ ဆိုမယ့်သူတွေကိုတော့ သီချင်းစပ်ပြီးတော့ ပေးနေတာပေါ့။ တခြားသီချင်းလိုချင်တဲ့သူတွေကိုတော့ သီချင်းစပ်ပြီးရေးပေးနေတယ်။
မေး ။ ။ ဟုတ်ကဲ့ မေးပြီးသားဆိုပေမယ့်ပေါ့။ ဦးရဲလွင်နဲ့ပတ်သက်ပြီး မှတ်မိတာဘာရှိဦးမလဲ။
ဖြေ ။ ။ ထူထူးခြားခြားမှတ်မိတာလို့လဲပြောလို့မရဘူးပေါ့လေ။ အတူတူနေခဲ့တယ်။ အတူတူစားခဲ့တယ်။ အတူတူသွားခဲ့တယ်။ ခင်မောင်တိုး ၀ိုင်းရဲ့ဆည်းဆာ ထွက်မယ်ဆိုတဲ့အခါကျတော့ အနီးစခန်းမှာ ၄ ယောက်အတူတူနေခဲ့တာပေါ့။ လနဲ့ချီပြီးနေခဲ့တာ။ အဲ့မှာ သီချင်းတွေတိုက်၊ သီချင်းတွေရေး ခင်မောင်တိုးအတွက် ပံ့ပိုးတာပေါ့။ ၄ယောက်လုံးအတူတူရှိခဲ့တဲ့ကာလ။ နောက်ပိုင်းကျတော့ ခရမ်းပြာကို ရောက်လာတဲ့အခါကျတော့ ကိုမောင်မောင်က မန္တလေးမှာကျန်ခဲ့တာ။ ကိုခင်မောင်တိုးကလည်း မန္တလေးမှာပဲ။ မန္တလေးမှာ သွားလိုက်လာလိုက်ပဲ။ ကျွန်တော်နဲ့ကိုရဲလွင် ကတော့ ဒိုင်ခံပြီးနေနေတာပေါ့လေ။ အဲ့ဒါပါပဲ။
မေး ။ ။ အနုပညာကို လက်ဆင့်ကမ်းဖို့အတွက်ရောဘယ်လိုမျိုးတွေရှိလဲ။
ဖြေ ။ ။ ကျွန်တော့်သားအငယ်ကတော့ သူ့ဟာသူရေးတယ်။ တီးတယ်။ အသံဖမ်းတာလည်း ကျွမ်းကျင် တာပေါ့။ သားအငယ်တစ်ယောက်ရှိတယ်။ ရဲရင့်မြင့်မိုရ် ။ နောက်ဒီလိုလက်ဆင့်ကမ်းတာကတော့ တခြား သီချင်းလိုချင်တဲ့သူရှိရင်လည်း ကိုယ်ကပေးတာပေါ့လေ။ အဲ့ဒါပါပဲ။
မေး ။ ။ ဦးရဲလွင် ကွယ်လွန်တဲ့ကိစ္စနဲ့ပဲဖြစ်ဖြစ် တခြားဖြစ်ဖြစ် ပြောပြလိုတာရှိလား။
ဖြေ ။ ။ ဒီလိုပဲပေါ့။ ဖြစ်လာမယ်ဆိုတာသိနေတာ။ သိပေမယ့်လည်း ဒီလောက်မြန်မယ်လို့မထင်ဘူး။
မေး ။ ။ နောက်ဆုံးကျန်ခဲ့တဲ့ မဇ္စျိမလှိုင်းအဖွဲ့သားတစ်ယောက်အနေနဲ့ ဆရာ့ကျန်းမာရေး အခြေအနေကရော။
ဖြေ ။ ။ ကျွန်တော်လည်း ဆေးတွေကုသနေရတာပေါ့လေ။ ကျန်းမာရေးအတွက် ဆေးတွေကုနေရတယ်။ ဆေးနဲ့ပဲ အသက်ဆက်နေရတာပေါ့။ ရောဂါတွေကတော့ စောစောကုပြီးသွားတဲ့အခါကျတော့ သက်သာသွားတာပေါ့လေ။ ကျွန်တော့်မှာလည်း အသည်းရောဂါရှိတယ်။ အခုတော့ သက်သာသွားပြီ ပျောက်သွားပြီပေါ့။ အနေအထိုင်တော့ဆင်ခြင်နေရတာပေါ့။
မေး ။ ။ အခုလိုဖြေပေးလို့ မဇ္စျိမသတင်းဌာနက ကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပြောလိုတာရှိရင်ပြောပေးပါဦး။
ဖြေ ။ ။ ကိုယ့်ကိုချစ်တဲ့ ပရိတ်သတ်တွေပေါ့။ ကိုယ့်ရဲ့သီချင်းကို ချစ်တဲ့ပရိတ်သတ်တွေက ကိုယ့်ရဲ့ ကျန်းမာရေးကို စိုးရိမ်ကြတာပေါ့။ အဲ့တော့ ကိုယ်လည်း တတ်နိုင်သလောက်ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပြီးကောင်းအောင်နေနေရတာပေါ့လေ။ အားလုံးအတွက် ကိုယ့် အသက်ရှည်အောင်ပေါ့လေ ကျန်းမာရေးကို ဂရုစိုက်ပြီးနေနေပါတယ်လို့။