ဇူလိုင် ၁၁ ။ ။ Apple ၀န်ထမ်း အင်ဂျင်နီယာတစ်ဦးဟာ Apple ကထွက်ပြီး တရုတ်ပိုင်ကုမ္ပဏီတစ်ခုမှာ အလုပ်မဝင်ခင်မှာ Apple ရဲ့ကားအလိုအလျောက်မောင်းနိုင်တဲ့နည်းပညာကို ခိုးယူသွားတဲ့အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Xiaolang Zhang ဟာ Apple စီမံကိန်းရဲ့ကုန်သွယ်မှု လျှို့ဝှက်ချက်တွေကို ခိုးခဲ့တဲ့အတွက် ဖမ်းထားတာပါလို့ FBI ထောက်လှမ်းရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။
Xiaolang Zhang ဟာ သူ့ရဲ့ပြစ်မှုအတွက် ထောင် ၁၀ နှစ်ကျခံရဖွယ်ရှိပြီး ဒေါ်လာ ၂သိန်းငါးသောင်း ဒဏ်ငွေဆောင်ရကိန်းရှိပါတယ်။
Zhang ဟာ Apple ရဲ့အရေးကြီးတဲ့ လျှို့ဝှက် Database တွေ၊ Prototypes တွေအပြင် နည်းပညာအချက်အလက်တွေကိုပါ ခိုးယူခဲ့တယ်လို့ သိရပါတယ်။ Zhang ခွင့်ယူတုန်းက ကားအလိုအလျောက်မောင်းနှင်တဲ့နည်းပညာအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ဗီဒီယိုဖိုင်ကိုပါ Apple ကသိမ်းဆည်းရမိထားတာ ဖြစ်ပါတယ်။
Zhang ဟာ သူ့မိသားစုနဲ့နီးစပ်ရာ Guangzhou မြို့မှာရှိတဲ့ Xiaopeng Motors (XMotors) ကုမ္ပဏီမှာ အလုပ်ဝင်မယ်လို့ ပြောပြီးနောက်ပိုင်း အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
Apple အနေနဲ့ အဆိုပါဖြစ်ရပ်အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပြစ်မှုကျူးလွန်သူ Zhang နဲ့ အပေါင်းအပါတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို့ သိရပါတယ်။