၇၁ နှစ်မြောက် အာဇာနည်နေ့ ဖြစ်သော ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ပြီး အာဇာနည်ဗိမာန်အပါအဝင် အခြားသက်ဆိုင်ရာနေရာများကို အများပြည်သူကြည့်ရှုနိုင်ရန် ၃ ရက်ကြာ ဖွင့်လှစ်သွားမည်ဟု သိရသည်။
ဇူလိုင်လ ၁၉ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိ အာဇာနည်ဗိမာန်ကို ဖွင့်လှစ်မည်ဖြစ်ပြီး ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ကြည့်ရှုနိုင်သည်။
အဆိုပါ အာဇာနည်ဗိမာန်အပြင် ဝန်ကြီးများရုံး ( ယခင် အတွင်းဝန်ရုံး) ၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ်နေအိမ်ပြတိုက်( နတ်မောက်မြို့) တို့ကို အာဇာနည်နေ့ အပြင် အခြား ၂ ရက်တိုးပြီး ပြသသွားမည်ဟု နိုင်ငံပိုင် သတင်းနှင့်ပြန်ကြားရေးမှ ဇူလိုင်လ ရ ရက်က ထုတ်ပြန်ထားသည်။
ဝန်ကြီးများရုံးကို ဇူလိုင် ၁၉ မှ ၂၁ ရက်အထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး ယခင်နှစ်များက အာဇာနည်နေ့တစ်ရက်သာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အဦ ဖြစ်သည့် ၀န်ကြီးများရုံးကို ၂၀၁၄ ခုနှစ်မှ စတင်ပြီး အာဇာနည်နေ့ ရောက်ရှိတိုင်း အများပြည်သူကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပြသခဲ့သော်လည်း အဆောက်အဦ၏ ကြံ့ခိုင်မှုအနေအထား အရ အချို့နေရာများကို ကန့်သတ်ထားဆဲဖြစ်သည်။
ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် နတ်မောက်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ၃ ရက်ကြာ ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။