မုံရွာ၊ ဇူလိုင် ၅။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဝက်နားရွက်ပြာရောဂါအား ဆက်လက်ပျံ့နှံ့မှုမရှိစေရန်အတွက် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
"ရောဂါဆက်ပြီး မပျံ့နှံ့အောင်ထိန်းချုပ်နိုင်ခဲ့တာပါ။ လုံးဝပျောက်သွားပြီလို့တော့ မဟုတ်သေးဘူး။ ရောဂါရှိတဲ့ဝက်တွေကို ဆက်ပြီး ဆေးကုသပေးရဦးမှာပါ " ဟု စစ်ကိုင်းတိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်စိုးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် ဇွန်လ ပထမပတ်အတွင်းမှစတင်ကာ ဝက်နားရွက်ပြာရောဂါ များဖြစ်ပွားခဲ့ပြီး ဇွန်လဒုတိယပတ်၌ ကောလင်းမြို့နယ်တွင်လည်း ဆက်လက်ပျံ့နှံ့ခဲ့ကာ ယခုအခါ မြို့နယ်နှစ်ခုလုံးတွင် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝန်းသိုမြို့နယ်၌ ကျေးလက်ဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်းအစီအစဉ်ဖြင့် မွေးမြူနေသော ကျေးရွာ ၂၁ ရွာမှ မွေးမြူထားသော ဝက်ကောင်ရေ ၄၃၇၀ ကောင်တွင် ရ၃၅ ကောင်မှာ ဝက်နားရွက်ပြာရောဂါဖြစ်ပွားခဲ့ပြီး ၃၁၁ ကောင် သေဆုံးခဲ့ရသည်။
ထိုကျေးရွာများမှ ဝက်ကောင်ရေ ရ၃၁ ကောင်မှာ ယင်းရောဂါအား ကုသနေရပြီး ရောဂါဖြစ်ပွားခြင်း မရှိသေးသော ဝက်ကောင်ရေ ၁၀၅၄ ကောင်အား ကာကွယ်ဆေးထိုးပေးထားရကြောင်း၊ ကျေးလက်ဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နေရကြောင်း ဒေါက်တာမြင့်စိုးကပြောသည်။
ဝန်သိုမြို့နယ်၌ ကျေးရွာပေါင်း ၁၇၉ ရွာရှိသည့်အနက် ၁၂၄ ရွာတွင် ဝက်နားရွက်ပြာရောဂါဖြစ်ပွားခဲ့ပြီး မြို့နယ်ချုပ်အနေဖြင့် ဝက်သေဆုံးမှုစာရင်းအတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ အဆိုပါဌာနမှ သိရသည်။