ရန်ကုန်၊ ဇွန်လ ၂၈ ။ ။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်အာဏာတည်စေမည်ဖြစ်ပြီး ၄င်းဥပဒေသစ်နှင့်အတူ MyCO(Myanmar Companies Online) စနစ်မှာ အသက်ဝင်ပြီး အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု DICA (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန)၏ ညွှန်ချုပ် ဦးအောင်နိုင်ဦး က ပြောသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ရုံး၌ ဇွန်လ ၂၈ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။
"သြဂုတ်လ၁ရက်နေ့ကစပြီးတော့ MyCO ကလည်း အသက်ဝင်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကုမ္ပဏီ မှတ်ပုံတင်လိုတဲ့လုပ်ငန်းရှင်တွေအားလုံးအနေနဲ့ ရုံးကိုလာစရာမလိုတော့ပါဘူး။ ကျွန်တော်တို့ကမိမိအိမ် မိမိရုံးခန်း၊ မိမိအဆင်ပြေတဲ့နေရာ၊ နောက်ဆုံးမိမိရဲ့မိုဘိုင်းဖုန်းကစပြီး ကုမ္ပဏီမှတ်ပုံတင်ဖို့ ရသွားမှာ ဖြစ်ပါတယ်" ဟု DICA ၏ ညွှန်ချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
ယင်း MyCO စနစ်တွင် ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းအပြင် ကုမ္ပဏီမှတ်ပုံတင်ကြေးသွင်းခြင်း၊ ကုမ္ပဏီနှင့် ပတ်သတ်၍ အခြားဝန်ဆောင်ခများပေးသွင်းခြင်းတို့ကို မည်သည့်ကတ်စနစ်ဖြင့်မဆို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်ရုံးနှင့်ဆောင်ရွက်ရသည့် နှစ်စဉ်အစီရင်ခံစာများ၊ ရှယ်ယာနူန်းထားများ၊ လိပ်စာ ပြောင်းလဲခြင်းများကိုပါ ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
ကုမ္ပဏီများ၏ အစီရင်ခံစာများပေးပို့ရာတွင်လည်း ပေးပို့ရမည့်နေ့ရက်မတိုင်မှီ ၂ လ ခန့်ကြိုတင်၍ အလိုအလျောက်သတိပေးမှုများ MyCO စနစ်မှ ပြုလုပ်သွားမည်ဖြစ်သည်။
"DICA မှာ မှတ်ပုံတင်ထားတဲ့အသင်းအဖွဲ့တွေအားလုံးက ကုမ္ပဏီဥပဒေအသက်ဝင်တဲ့ ၈ လပိုင်း ၁ ရက် နေ့ကနေစပြီးတော့မှ သူတို့ရဲ့ကုမ္ပဏီတွေပြန်ပြီးမှတ်ပုံတင်ဖို့ ပြန်လည်မှတ်ပုံတင်ခြင်းပေါ့နော်။ မပျက်မကွက် လုပ်ဖို့လိုပါတယ်။ ပြန်မှတ်ပုံတင်တဲ့အခါမှ အွန်လိုင်းကပဲ လုပ်ရမှာဖြစ်ပါတယ်။ မှတ်ပုံတင်ကြေး ထပ်သွင်းစရာ မလိုပါဘူး။ အားလုံးက Free of Charge ပေါ့နော် FOC အခမဲ့ အားလုံးဆောင်ရွက်လို့ရပါတယ်" ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
MyCO စနစ်ဖြင့် အွန်လိုင်းမှ ပြန်လည်မှတ်ပုံတင်ရန်ကြာချိန် ၁၅မိနစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ကုမ္ပဏီ လုပ်ငန်းရှင်များ အခက်အခဲရှိနု်င်မည်မဟုတ်ကြောင်း DICA မှ သိရသည်။
၄င်းအွန်လိုင်းမှ ပြန်လည်မှတ်ပုံတင်သည့်ကုမ္ပဏီများသည် ၆လအတွင်း ပြန်လည်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်နံပါတ်အသစ် ထုတ်ပေးမည်ဖြစ်သည်။ သို့သော် အွန်လိုင်းမှမှတ်ပုံတင်ခြင်းမဆောင်ရွက်ဘဲ DICA ရုံးသို့လာရောက်၍ မှတ်ပုံတင်မည်ဆိုပါက ၀န်ဆောင်ခကောက်ခံသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၇ ကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅၀ ပြည့်နှစ်အထူးကုမ္ပဏီများအက်ဥပဒေ များဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအသင်းအဖွဲ့များအားလုံးကို ပြန်လည်မှတ်ပုံတင်ရန် ဇွန်လ ၂၂ရက်နေ့မှစတင်၍ DICA ရုံးမှ ကြေညာထားသည်။