ဇွန် ၂၀ ။ ။ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဆူမားတြားပြည်နယ်ရှိ တိုဘာရေကန်ကြီးထဲတွင် ဇွန်လ ၁၈ ရက်က စက်လှေတစ်စီး တိမ်းမှောက်နစ်မြုပ်ခဲ့ပြီးနောက် ယခုထက်ထိ အလောင်းနှစ်လောင်းသာ ပြန်ဆယ်ထားနိုင်ခဲ့ကြောင်း၊ ပျောက်ဆုံးသူ ဦးရေမှာ ၁၈၀ ဦးထိ ရှိနေကြောင်း အာဏာပိုင်များက ဇွန်လ ၂၀ ရက်တွင် ပြောသည်။
အစောပိုင်းက အဆိုပါ စက်လှေတိမ်းမှောက်မှု ဖြစ်ရပ်ဆိုးတွင် ပျောက်ဆုံးခရီးသည် ဦးရေမှာ ၁၂၈ ဦး ဖြစ်ကြောင်း အင်ဒိုရှာဖွေကယ်ဆယ်ရေး အေဂျင်စီက ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ပျောက်ဆုံးစာရင်းတွင် ဦးရေတိုးလာခဲ့သည်။
ယခု စာရင်းသစ်မှာ စက်လှေ၏ အမှန်တကယ် နိုင်သည့် ၀န်ပမာဏထက် သုံးဆများနေသည်ဟု လည်း သိရသည်။
ယခုလက်ရှိအချိန်ထိ တာဝန်ရှိသူများက ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်သည်။
ယင်း စက်လှေတိမ်းမှောက်ပြီးနောက် လူ ၁၈ ဦးကိုသာ ကယ်တင်ပေးထားနိုင်ခဲ့ကြောင်း၊ အလောင်း နှစ်လောင်း တွေ့ထားကြောင်း အင်ဒို အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ BASARNAS က အကြီးအကဲ ဘူဒီယာဝမ်က ပြောသည်။
" အခု ကျွန်တော်တို့ ရထားတဲ့အချက်အလက်တွေအရ ပျောက်ဆုံးနေသူက ၁၈၀ ဖြစ်ပါတယ်၊ သူတို့ကို ရှာနေပါတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ ဖြစ်ရပ်ဆိုး ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနိုင်ရန် စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း ပို့ဆောင်ရေးဝန်ကြီး ဘူဒီ ကာယာက ပြောသည်။