မန္တလေး၊ ဇွန်လ ၁၄ ။ ။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲအုပ်စု၊ အောင်သစ်လွင်ရပ်ကွက်မှာ ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းက နေအိမ် ၃ လုံး မြေပြိုကျတဲ့အထဲပါသွားခဲ့ရာ ၅ ဦး သေဆုံးခဲ့တယ်လို့ မိုးကုတ် မဲဆန္ဒနယ် အမှတ်(၂)၊မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က မဇ္ဈိမကို အတည်ပြုပြောပါတယ်။
"မနက် ၄ နာရီလောက်က အိမ်သုံးလုံး မြေပြိုတဲ့ပါသွားတယ်။နှစ်အိမ်က လူမရှိတော့ လူသေဆုံးမှု မရှိဘူး။တစ်အိမ်ကတော့ လူရှိတယ်။၅ ဦးသေသွားတယ်။"လို့ ဦးစောသောင်းတင်က ပြောပါတယ်။
မိုးရက်ရှည် ရွာသွန်းနေတာကြောင့် တစ်မြို့နယ်လုံးမှာမြေပြိုမှုတွေရှိနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက လိုအပ်တာတွေ ကူညီပေးနေပါတယ်။နေအိမ်ပျက်စီးတဲ့ မိသားစုဝင်တွေကို တရုတ်ဘုံကျောင်းမှာ ယာယီထားထားတယ်လို့သိရပါတယ်။
လတ်တလောမြေပြိုမှုဖြစ်ပွာနေတဲ့နေရာတွေကတော့ မိုးကုတ်မြို့အဝင်၊ဘီးတောင်နေရာ၊ပိန်းပြစ် စတဲ့နေရာတွေမှာ ဖြစ်ပွားနေတာပါ။အဲဒီလိုဖြစ်ပွားနေပေမယ့် ထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့တော့ ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။
"ဖြစ်တာကတော့ တစ်မြို့နယ်လုံးပဲပြောရမှာပဲ။ခုနက လူသေဆုံးတဲ့နေရာကလွဲရင် ကျန်တဲ့နေရာကတော့ ထိခိုက်မှုမရှိပါဘူး။နေအိမ်တစ်ချို့အနည်းငယ် ပျက်စီးတာပဲရှိပါတယ်။ဆုံးရှုံးပျက်စီးတဲ့ စာရင်းကတော့ မသိသေးပါဘူး။"လို့ ဦးစောသောင်းတင်ကပြောပါတယ်။
မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကံထူးက"မိုးကုတ်အိမ်တွေက တောင်ကမ်းပါးယံတွေမှာအ ဆင့်ဆင့် ဆောက်ကြ တာဖြစ်တော့ မိုးကြောင့်မြေပြိုတဲ့ သဘောပါ။"လို့ပြောပါတယ်။
ကသဲရပ်ကွက်ဒေသခံ ဦးစိန်မြင့်က"တောင်ကြောတွေမှာ ဆောက်ထားတဲ့ အိမ်တွေက မြေသားအိပြီး ပြိုတာပေါ့။"လို့ပြောပါတယ်။
အပျက်အစီးတွေကိုတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့မိမြို့ဖများနဲ့ ပရဟိတအဖွဲ့တွေက ရှင်းလင်းဆောင်ရွက်နေပါတယ်။