ဘန်ကောက်၊ ဇွန် ၁၁ ။ ။ ထိုင်းနိုင်ငံက မွတ်စလင်အများစု နိုင်ငံတောင်ပိုင်းတွင် အစ္စလာမ်လမြတ်ဖြစ်သော ရာမာဇန်ဥပုသ်လ ကုန်ဆုံးခါနီး အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်မားလာခြင်းအဖြစ် ဇွန် ၁၁ ရက် နံနက်ပိုင်းက လူငါးဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားသည်။
ဦးခေါင်းတွင် ကျည်ဆန်ဒဏ်ရာများဖြင့် လူငါးဦး၏ အလောင်းကို ယာလာပြည်နယ် ဘန်နန်းဆာတာခရိုင်က အိမ်တစ်အိမ်၏ အပြင်ဖက်တွင် တွေ့ရှိခြင်း ဖြစ်သည်။
“တရားမဝင် လုပ်ငန်းတစ်ခုခုအတွက် အငြင်းပွားရာကနေ ခုလို ပစ်ခတ်ခံရတာလို့ ကျွန်တော်တို့ ယူဆထားပါတယ်။”ဟု ဒုတိယဗိုလ်မှူးကြီး အကီပေါင်က အသေးစိတ်မဆိုဘဲ အေအက်ဖ်ပီသို့ ပြောသည်။
သေဆုံးသူနှစ်ဦးမှာ အဆိုပါ အိမ်တွင် နေထိုင်ကြသူများဖြစ်ပြီး ကျန်သုံးဦးက အိမ်နီးချင်းများ ဖြစ်သည်ဟု အကီပေါင်က ဆိုသည်။
၂၀၀၄ ခုနှစ်တွင် စစ်သွေးကြွများက ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပိုမိုရရှိရေး ကြိုးပမ်းလာခဲ့ချိန်မှစပြီး နိုင်ငံတောင်ပိုင်း ပဋိပက္ခများအတွင်း သေဆုံးသူပေါင်း ရ၀၀၀ ခန့် ရှိနေသည်။
အရပ်သားများမှာ အကြမ်းဖက်မှုများ၏ ဒဏ်ကို နှစ်များစွာ ရင်ဆိုင်နေရသည်။
သို့သော်လည်း လူမျိုးစု မလေးဒေသသည် တရားမဝင် ကုန်သွယ်ရေးနှင့် သူပုန်များ၊ ရာဇဝတ်ဂိုဏ်းများ၏ ခိုအောင်းခြေကုပ်ယူစရာအဖြစ် ရှိနေခဲ့သည်။