ရန်ကုန်၊ အောက်တိုဘာ ၇ ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ တို့ ယနေ့ (အောက်တိုဘာ ၇ ရက်) တွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ယနေ့ နေ့လည် ၂ နာရီခန့်က ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ရှိ Istana Nurul Imam ဘုရင့်နန်းတော်သို့ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊ အထူးသဖြင့် စွမ်းအင်၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၏ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုကီးယားမူအစ်ဇာဒင် ဝါဒူလာက ဘရူနိုင်း ဘုရင်၏ နန်းမွေဆက်ခံသည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ယခုခရီးစဉ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အကြမ်ဖက်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်လည်းဖြစ်သည်။
ဘရူနိုင်းဘုရင်နှင့်တွေ့ဆုံရာတွင် နိုင်ငံတာ်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုတို့ ပါဝင်ကြကြောင်း သိရသည်။