စက်တင်ဘာ ၂၀၊ ဂျာမနီ ။ ။ ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နျူရယ်နျူအာသည် အရိုးကျိုးသွားခဲ့သော ဘယ်ဘက်ခြေထောက်ကို ခွဲစိတ်ကုသခဲ့ရသောကြောင့် လာမည့် ၂၀၁၈ ဇန်နဝါရီလအထိ အနားယူရတော့မည် ဖြစ်သည်။
နျူအာသည် ပြီးခဲ့သည့် ဧပြီလကတည်းက ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး အနားယူနေခဲ့ရသူ ဖြစ်သည်။ သို့သော် နျူအာသည် ထိုဒဏ်ရာမှ သက်သာလာခဲ့ပြီး ပြီးခဲ့သည့်အပတ်က လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ခဲ့ရာတွင် ဘယ်ဘက် ခြေထောက်၌ပင် ထပ်မံဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
“ခွဲစိတ်ကုသမှုက အလုံးစုံအောင်မြင်ခဲ့ပါတယ်။ အခုအချိန်မှာ အရေးအကြီးဆုံးက ဒါပါပဲ။ အခုတော့ ကျွန်တော်တို့ အနာဂတ်ကို ကြည့်ရပါမယ်။ လာမယ့် ဇန်နဝါရီမှာ နျူအာအနေနဲ့သူ့ရဲ့ အကောင်းဆုံးပုံစံနဲ့ ပြန်လာပါလိမ့်မယ်” ဟု ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဋ္ဌရူမန်နစ်ဂီက ပြောဆိုခဲ့သည်။
နျူအာသည် ယခုဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်အသင်း၏ ဘွန်ဒက်စ်လီဂါနှင့် ချန်ပီယံလိဂ်အရေးကြီးပွဲစဉ်များကို လွဲချော်ရဦးမည်ဖြစ်သည်။ နျူအာသည် ပြီးခဲ့သည့်နှစ် ဧပြီလက ကစားခဲ့သော ရီးယဲလ်နှင့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ရည်ညွှန်း ဘီဘီစီ