မကွေး၊ စက်တင်ဘာ ၁၆ ။ ။ မကွေးမြို့တွင် နွားအကောင်(၃၀)အား တရားမဝင်သယ်လာသူနှစ်ဦးအား ရပ်တန့်စစ်ဆေးနေစဉ် ထွက်ပြေးသွား၍ ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း မကွေးမြို့ နယ်မြေရဲစခန်းမှ သိရသည်။
အထက်မြန်မာပြည်လူမှုဘဝစောင့်ကြည့်ရေးအဖွဲ့မှ ကြိုတင်သတင်းရ၍ မကွေးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနှင့် ညှိနှိုင်းတိုင်ပင်ကာ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက မကွေးမြို့အဝင် မကွေး - နတ်မောက်ကားလမ်းတွင် နွားအကောင် (၃၀) သယ်ဆောင်လာသည့် ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါလာသူတစ်ဦးတို့က အဆိုပါကားရှေ့တွင် ပါလာသည့်ယာဉ်ဖြင့် ထွက်ပြေးသွားခြင်း ဖြစ်သည်။
“ အဲဒီကားကို မသင်္ကာလို့ ရပ်တန့်စေပြီး စစ်ဆေးကြည့်ရှုရာမှာ နွားတွေ သယ်ဆောင်လာတာကိုတွေ့ ရတဲ့ အတွက် ကျွန်တော်တို့ဆီ ဆက်သွယ်သတင်းပို့နေတုန်း ယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါလာသူ အမျိုးသားတစ်ဦး တို့ဟာ ယာဉ်ကို ရပ်တန့်ခဲ့ပြီး သူတို့ရဲ့ရှေ့မှာ ကြိုတင်ရောက်ရှိနေတဲ့ ယာဉ်ပေါ်ကိုပြေးတက်ပြီး မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ယာဉ်ပေါ်မှာ နွားအကောင် (၃၀)သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရလို့ လတ်တလော စခန်းမှာ ထိန်းသိမ်းထားပါတယ်” ဟု မကွေးမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းဦးက ပြောသည်။
လတ်တလောတွင် နွား အကောင် ၃၀ ကို မကွေးမြို့ နယ်မြေရဲစခန်းမှ ထိန်းသိမ်းထားပြီး ထွက်ပြေးသွားသူများ ကို စုံစမ်းရှာဖွေနေကြောင်း သိရသည်။
“ ကျွန်တော်တို့ ကြိုတင်သတင်းရထားပါတယ်၊ ဒါနဲ့ မကွေးမြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနဲ့ တွေ့ပါတယ်။ သူနဲ့ညှိနှိုင်းတိုင်ပင်ပြီး နတ်မောက်မြို့ဘက်ကို မောင်းနှင်လာတဲ့ (၁၂)ဘီးယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးတဲ့အခါ အထောက်အထားမဲ့ သယ်ဆောင်လာတဲ့ နွားတွေ အကောင် ၃၀ တွေ့ရပါတယ်၊ဒါနဲ့ ရဲတပ်ဖွဲ့ကို ဆက်သွယ်တိုင်တန်းတာပါ” ဟု အထက်မြန်မာပြည် လူမှုဘဝစောင့်ကြည့်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သိန်းက မဇ္ဈိမသို့ ပြောသည်။
မကွေးနယ်မြေရဲတပ်ဖွဲ့မှ ယာဉ်ပေါ်ပါ နွားအကောင်(၃၀)အား သက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံဖြင့် သိမ်းယူကာ အထောက်အထားမပါဘဲ နွားများကိုသယ်ဆောင်လာသူများကို မကွေးမြို့ နယ်မြေရဲစခန်းတွင် (ပ)၈၀၃/၂၀၁၇၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ မကွေးမြို့နယ်မြေရဲစခန်းမှူး ရဲအုပ်
ကျော်ထူးက တရားလိုပြုလုပ် အမှုဖွင့်၍ ၎င်းတို့ကို ဖမ်းဆီးရမိရန် စုံစမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။